Lorem Ipsum

ဆန်ခေါက်ဆွဲ

 Monday, May 30, 2011

ဆန်ခေါက်ဆွဲ လုပ်စားဖြစ်တယ်။ ကိုယ်က ခေါက်ဆွဲ မျိုးစုံကို ကြိုက်တတ်ပြီး ကျေးဇူးရှင်တို့က ကိုယ့်လို ခေါက်ဆွဲတွေ မစားတတ်ဘူး။ သူကမွေးကတည်းက ရန်ကုန်မှာ ကြီးလာတော့လည်း ရန်ကုန်ဆိုတော့ ကိုယ့်လိုနယ်က  တရုတ်တ၀က် ကချင်တ၀က် ခေါက်ဆွဲတွေ မစားတတ်ဘူး။ သူက ပဲမှုန့်တို့ ရှောက်ရွက်တို့၊ မန်ကျည်းရည်တို့နဲ့ သုပ်တဲ့ အသုပ်မျိုးစုံကြိုက်တယ်။ ကိုယ်က အရိုးပြုပ်ရည်တွေနဲ့ မျှစ်ချဉ်တွေ၊ မုန့်ညှင်း ချဉ်တွေနဲ့ စားရတဲ့ ခေါက်ဆွဲတွေ ပိုကြိုက်တယ်။ ခုလည်း ဆန်ခေါက်ဆွဲလုပ်စားတယ် သူတော့သိတ်မ ကြိုက်ပါဘူး။ ကိုယ်တို့ပဲ ၂ရက်ဆက်တိုက် စားလိုက်ရတယ်။ သူ့မနက်စာ တခါပဲစားတယ်။ ကွေ့သယိုတထုပ် ၂ရက်စားလိုက်ရတယ်။ ဒါကို ဆန်စီးနဲ့လုပ်ရင် ဆန်ခေါက်ဆွဲလို့ ခေါ်ပြီး နန်းလတ်နဲ့လုပ်ရင် လားရှိုးမုန့် တီလို့လည်း ခေါ်တတ်ပါသေးတယ်တဲ့။ တခြားနယ်တွေရဲ့ အခေါ်အဝေါတော့ နောက်တမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်တို့ ငယ်ငယ်က ဆန်ခေါက်ဆွဲကို နေ့တိုင်းနီးပါးစားတယ်။ အချဉ်အဖြစ် မုန့်ညှင်းချဉ်သုပ်၊ မျှစ်ချဉ်ပြုပ်နဲ့   မြစ်ကြီးနား ဆောင်းအေးအေးမှာ မျှစ်ချဉ်ပူစပ်စပ်လေးနဲ့ ဆန်ခေါက်ဆွဲ စားရတာ အရမ်းမြိန်တာပဲ။ ခေါက်ဆွဲကို အများဆုံး မျှစ်ချဉ်နဲ့ ၀မ်းတိုဖူးကြော်နဲ့ ပိုကြိုက်တယ်။




စားရန်အသင့်ပြင်ထားတဲ့ ဆန်ခေါက်ဆွဲသုပ်


ဒါက အမဲနံရိုးကို ဂျင်း(လက်၂ဆစ်ခန့်) ဓါးပြာရိုက်ထည့်၊ ငရုတ်ကောင်းစေ့(အဖြူ) ၁၅စေ့၊ နံနံစေ့ လက်တ ဆုပ်စာ၊ ပဲငံပြာရည်အကြည့်၊ အချိုမှုန့်တို့ထည့်ပြီး နူးနေအောင်ပြုပ်တယ်။ အသားနူးအိသွားရင် ဆယ်ပြီးခြေထား၊ အစေ့အဆန်လေးတွေဖယ်ပြီး အဲ့ဒီအချိုရည်ထဲ ကော်မှုန့်၃ဇွန်းလောက်အရည်ဖျော်ထည့် ဆူပွက်လာပြီး စေးပျစ်ပျစ်လေးဖြစ်ရင်၊ နူးအိနေတဲ့ အမဲသားကို ထည့်ပြီးရောမွှေထားတာပါ။ အရင်တုန်း က တော့ဝက်သား ၃ထပ်သားနဲ့ လုပ်စားတယ်။ ၀က်သားစားသူများအတွက်က ပိုအဆင်ပြေပါတယ်။



ဆိတိုဖူးကို ရေဆူနဲ့ဖျော်ပြီး ဆီနဲနဲထဲထည့်ကျို၊ ဆားနဲ့အချိုမှုန့်နဲနဲထည့်၊ အေးလာရင် ကြက်သွန်ဖြူ များ များကို ညှက်နေအောင်ထောင်းပြီး ဆိတိုဖူးဖျော်ထဲထည့်ထား။ ကြက်သွန်ဖြူစိမ်း အနံ့သင်းနေပါစေ။ ဒါမှပို စားကောင်းတယ်။



မြေပဲဆီကို၊ နှမ်းဆီ နဲနဲရော ပူလာရင် နာနတ်ပွင့် တခုထည့်၊ မီးပိတ် အနည်းငယ်အေးလာရင် တရုတ်မဆ လာမှုန့်ထည့်ပြီး ဆီမွှေးလုပ်ထား။


ကြာညို့( ပဲငံပြာရည်အနှောက်) အသင့်ပြင်ထား



ငရုပ်သီးခြောက်ကို ဆီများများနဲ့ကြော် ထောင်းပြီးဆီထဲပြန်စိမ်ထား။ မြစ်ကြီးနားမှာတော့ တရုတ် ကချင် ခေါက်ဆွဲဆိုင်တိုင်းလိုလို ဒီလို ငရုပ်သီးထောင်းပဲရတတ်တယ်။ ပိုမွှေးပြီး ပိုစပ်တယ်။


ကြက်သွန်မိတ်( ခေါက်ဆွဲဆိုင်တွေမှာ နံနံပင်ထက် ကြက်သွန်မိတ်ပိုသုံးကျတယ်)


တိုဖူးကို ဒီလို အရွယ်တော်တွေ တုံးပြီး ကြွပ်ရွနေအောင်ကြော်ပြီး ၀က်ခေါက်ကြော်နဲ့ တွဲပြီးလာချပေးတတ် တယ်။


တရုတ်မုန့်ညှင်းချဉ်ကို ကြာညို့၊ မြေပဲဆီကျက်၊ နံနံပင်နဲ့သုပ်ပြီး လာချပေးတတ်တယ်။ မျှစ်ချဉ်ရှိလည်း ဆနွင်းနဲ့ နူးနေအောင်ပြုပ်ပြီး လာချပေးတယ်။


ဆန်ခေါက်ဆွဲဖတ် ပြုပ်ပြီးသား


အပေါ်က အဆာပလာတွေ အကုန်ထည်ပြီး စားလို့ရပါပြီ။ ဆီတိုဖူး၊ ပဲငံပြာရည်နဲ့ အသားပြုပ်တို့မှာ အငံ ပါပြီးသားမို့ ဆားနဲ့အချိုမှုန့်ကို မထည့်ပါဘူး။ ပဲရွက်က ၀ယ်ထားတာကြာလို့ ဟိုနေ့က ဟင်းချို လုပ်သောက် လိုက်တယ်။ မကျန်တော့ မထည့်ရဘူးပေါ့။


မြေပဲထောင်းပါတယ်။ မထည့်ရပါဘူး။ ကျေးဇူးရှင်ကြိုက်လို့ထည့်ပေးတာပါ။ အရိုးပြုပ်တဲ့ ဟင်းခါးနဲ့တွဲစား ကြပေမဲ့ အိမ်မှာတော့ မလုပ်ဖြစ်ဘူး။




ကျေးဇူးရှင်စားတဲ့ ပန်ကန်ပါ။ ဒီလောက်ကို မနည်းစားလိုက်တယ်။ ဖင်ကပ်တောင်ချန်ထားသေး။ ကိုယ် လား ? ဟင့်အင်း မေးနဲ့ကွယ် ရှက်တတ်လို့ပါ :P




ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP