Lorem Ipsum

ငါးကင်

 Tuesday, September 27, 2011





 ငါးကင်ဖို့ အဆင်သင့်လုပ်ထားတာပါ

ပလာတူးငါး အကောင်ကြီးကြီးကို ကျောဖက်ကနေခွဲပြီး အူတွေထုတ်၊ ပါးဟက်တွေထုတ်ပြီး ရေသေချာဆေး ပါတယ်။ ပြီးမှ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ငရုပ်ကောင်းမှုန့်၊ နံနံပင်၊ ဆနွင်း၊ ဆားနဲ့ အချိုမှုန့်တွေကို ညှက်နေအောင်ထောင်းပြီး အစာသိတ်ပြီး ကင်ထားပါတယ်။  ပူပူနွေးနွေးစားမှကောင်း မယ်နော်။ ကိုယ်ကတော့ စားခါနီး သံပုရာသီး ညစ်လိုက်ပါတယ်။




စားရန်အသင့် ငါးကင်


ဒီပုံက မှိုထည့်ဖို့ မေ့သွားလို့

ရေနွေးဆူဆူထဲကို၊ တိုဖူးနဲ့ ငါးဆုပ်တုံးပြီးထည့်ပါတယ်။ ပြီးရင်၊ ခ၀ဲသီးနဲ့ ခါဂျယ်ဥပါးပါးမျှင်ပြီးထည့်၊ မှိုရှည်ရှည်ထည့်၊ စားခါနီးမှ ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းထောင်းထည့်၊ ဆား၊ နှမ်းဆီ တဇွန်း( လ္ဖက်ရည်ဇွန်း) အချိုမှုန့်နဲ့ ကြက်သွန်မိတ်ထည့်ပြီး ပူပူလေးသောက်တယ်။ ကြက်ဥလေးတလုံးပါထည့်ပြီး မွှေသေးတယ်း)


မှိုထည့်လိုက်ပြီနော်း)


အိုးလိုက် ရိုက်လိုက်တာ


ခရမ်းချဉ်သီး ပန်ထွေဖျော်

ကိုယ်ကတော့ ခရမ်းချဉ်သီးထောင်းလို့ပဲ သိထားတာပါ။ ပန်ထွေဖျော်လို့ သူများခေါ်လို့ လိုက်ခေါ်တား) ခရမ်းချဉ်သီးမှည့်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ပဲပုပ်ချပ်တွေကို မီးကင်ပါတယ်။ ခရမ်းချဉ်သီး အခွံတွေ မီး ကျွမ်းပြီး နူးသွားရင် အခွံတွေ ခွါပြစ်ပါတယ်။ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ပဲပုပ်မီးကင်တွေကို ရောထောင်း ပြီး ခရမ်းချဉ်သီးထည့်ထောင်း၊ နံနံပင်ရိတ်ရိတ်လှီးထည့်၊ အချိုမှုန့်နဲ့ ဆားနဲနဲထည့်ပြီး စားလို့ရပါပြီ။


ရုံးပတေသီးကို ကြက်သွန်ဖြူများများနဲ့ ခရုဆီထည့်ပြီး ကြော်ထားပါတယ်။


ကြက်တောင်ပံကို ဂျင်းနဲ့ ကြက်သွန်ဖြူ ထောင်းပြီးနှပ်ကြော်ထားတာပါ။

သြော်ဒါနဲ့ စကားမစပ် မနေ့က ဘေဘီ တနှစ်ပြည့်သွားပြီနော်း) ကိုယ့်ဘလောဂ့်ကို ပထမဆုံး လင်ခ့်ပေး သူက စူးနွယ် ပါ။( အခုတော့ သူစိမ်းကားသွားပြီး( ) လာလည်ပြီး ကောမန့်နဲ့ စီပုံးမှာ ရေးခဲ့သူရော မရေးခဲ့ သူရော ခင်သူရော မခင်သူရော၊ လင်ခ့်ထား ပေးကြသူများ  အားလုံးကို အထူး အထူးကျေးဇူးပါလို့။ လူတိုင်း ချက်တတ်ပြုတ်တတ်တဲ့ ဟင်းတွေပေမဲ့  အချိန်ပေးပြီး လာရောက် အားပေးကြတဲ့ အနယ်နယ် အရပ်ရပ်က မောင်နှမအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ တနှစ်အတွင်း ဟစ်၂သိန်း နီးပါးလာရောက် အားပေးခဲ့တာ သိရတော့ သြော်ကိုယ်တယောက်ထဲ အစားအသောက် မက်သူမဟုတ်ပါလားလို့ သိရလို့ ၀မ်းသားတယ် :P (အဖော်ရှာတာ) ကိုယ့်ဟင်းတွေက သာမန် နေ့စဉ်စားနေကျ ဟင်းတွေပါ။ အဲ့ဒီကနေ ခွဲထွက်ပြီးလည်း မချက်ရဲပါဘူး။ တော်ကြာ အသစ်အဆန်းမို့ အိမ်ကလူတွေ မစားရင် ပိုက်ဆံနှမြောစရာကြီးလေ။ ကိုယ်ချက် စားတာလေးတွေကို ပုံလေးနဲ့တကွ သိမ်းထားချင်လို့ အပြင်မှာ စားတာတွေကိုလည်း မရောဖြစ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ဘေဘီ့ဟင်းတွေကို လာရောက် ကြည့်ပေးကြလို့ ၀မ်းသာပြီး ကျေးဇူးတင်မိပါတယ်။




ခင်မင်စွာဖြင့်
ဘေဘီ




Read more...

ကျမချစ်သော ဧရာဝတီ

 Thursday, September 22, 2011






ရှေးရှေးက လူကြီးသူမတွေကပြောတာကို ကြားဖူးမှတ်ဖူးရတာက၊ မိဘဆိုတာ ကိုယ့်သား၊ သ္မီးရင်နှစ်သည်း ခြားကို အကောင်းဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်စေချင်ကြတယ်တဲ့။

ရိုးသားပြီး၊ အေးချမ်းကြွယ်ဝတဲ့၊ မေခနဲ့ မလိခဆိုတဲ့ မိဘနှစ်ပါးကဖွားသန့်စင်လို့၊ ကျောက်သံပတ္တမြားတွေ ခြံရံကာ ရွှေလင်ဗန်းနဲ့ အချင်းဆေးခံခဲ့ရတဲ့ " ဧရာဝတီ " ဆိုတဲ့ သတို့သမီးဟာမိဘမျိုးရိုးကိုလိုက်ပြီး၊ သူကြီးပျင်း ဖွံ့ဖြိုးလာတဲ့အခါမှာ၊ သူဖြတ်သန်းရာတလျှောက်၊ အရှေ့ ဖက်ကိုလဲမပို၊ အနှောက်ဖက်ကိုလည်း မလိုအောင်၊ ညီမျှတူညီတဲ့ စွမ်းဆောင်ချက်များနဲ့ တွေ့ထိရာ ဒေသမှန်သမျှကို၊ ၀မ်းဝစေရုံမက၊ ခါးပါလှစေ ခဲ့တာကို၊ ခေတ်အဆက်ဆက် ရာဇ၀င်တွေထဲမှာ အထင်အရှား တွေ့ရမှာပါ။

ဒီလို တန်ဖိုးရှိခဲ့တဲ့၊ ရှိနေတဲ့ အမျိုးကောင်း သမီးကို အသားထဲကလောက်ထွက်၊ နောက်ကြောကို ဓါးထိုးဖို့ ကြံသူက ရသာရင်၊ ဘနှဖူး သိုက်တူးချင်သူ၊ တကိုယ်ကောင်းသမား လက်ထဲ အတင်းထိုးထည့်ဖို့၊ ကြံစည်နေတာကို၊ ကြားရ မြင်ရတော့ " ဧရာဝတီ " ရဲ့မိဘတွေနဲ့အတူ တန်ဖိုးထား၊ ချစ်မြတ်နိုးကြတဲ့ မိဘပြည်သူတွေက မခံမရနိုင်ဖြစ်ကြတာ မဆန်းပါဘူး။

ခေတ်အဆက်ဆက်က ရာဇ၀င်ထွန်းပြောင်ခဲ့ရတဲ့ " ဧရာဝတီ " ဒို့ခေတ်ကြတော့မှ အမှောင်လွမ်းရတော့ မှာလား။

" အဖိုးမှိုင်းရဲ့ စကားဦးထိပ်ထားလို့၊ အရေးကြီးပြီမို့၊ သွေးနီးရာ ညီညွတ်လို့ ထထကြွကြွဝိုင်းလိုက်ကြစို့လား"



မြစ်ဆုံရေကာတာ စီမံကိန်းကို အကြွင်းမရှိကန့်ကွက် ပါတယ်။



စာရေးတတ်လို့ ရေးတာ မဟုတ်တဲ့အတွက် အမှားပါရင် ခွင့်လွတ်ကြပါ။ ဧရာဝတီကို ချစ်သောပြည်သူ၊ တွေထဲက ပြည်သူတယောက်ဖြစ်လို့၊   ဒီပို့စ်လေးရေးဖြစ်တာပါ။



ခင်မင်စွာဖြင့်
Baby taster



Read more...

လက်ဆောင်များ

 Tuesday, September 20, 2011

ပြီးခဲ့တဲ့အပတ်က အသက်တနှစ်ပို ကြီးသွားတယ်း) နှစ်ဖက်မေမေကို ကန်တော့ပြီး အလှူတခု လုပ်ဖြစ်တယ်။ ကျေးဇူးရှင်၊ သမီးလေးနဲ့တချို့သော သူငယ်ချင်းတွေက ဒီလိုလက် ဆောင်တွေပေးတော့ ထောပတ်ထမင်း ချက်ကျွေးလိုက်ပါတယ်။ လက်ဆောင်ပေး သူတွေရောမပေး သူတွေရောဆုတောင်း ပေးခဲ့ကြသူတွေရော အားလုံးကို ကျေးဇူးအထူးပါလို့း)



Sheseido Skincare ကတော့ ကျေးဇူးရှင်ပေးတာပါ။ လက်ဆောင် ဘာရချင်သလဲမေးတော့ သုံးနေတဲ့ ပစ္စည်းတွေ ကုန်တော့မှာမို့ ဒါတွေ ၀ယ်ခိုင်းပါတယ်း) လက်ကောက်နဲ နာရီက သူငယ်ချင်းတွေပေးတား)



ဒါကတော့ သူငယ်ချင်း ၃ယောက်ပေါင်းပေးတာပါး) ဖိနပ်ကြည့်ပြီး ခြေထောက်သေးလိုက်တာ မပြောနဲ့ နော် :D တကယ်ပဲ နံပတ် ၆ပဲစီးရတယ်။ နံပတ် ၆က လှတာလေးတွေ တအားရှားတာပဲး(


ဒီအိုင်းရှဲဒိုးက ခင်မင်ရတဲ့ မောင်လေးတယောက်က အမေဇုံကနေ လက်ဆောင်ဝယ်ပေးထားတာပါး) ပုံက အပြည့်ရိုက်ထားတာပါ။ အပေါ်ကမှန်မှာ ကိုယ့်ပုံ ပါနေလို့ ပုံအပေါ်တပိုင်းဖြတ်လိုက်ရပါတယ်း)သူများတွေ ဆို အရိပ်မထင်အောင်တောင် ရိုက်တတ်ကျတယ် ကိုယ်နဲ့များ ကွာပး)



သမီးလေးကတော့ ကိုယ့်ကို နှစ်တိုင်း ရေမွှေးပေးပါတယ်။ ဒီနှစ်လည်း သူ့အကြိုက် Justin Bieber ရေမွှေး အသစ်ထွက်တာနဲ့ ဒါလေးပေးပါတယ်။ နှစ်တိုင်း လက်ဆောင်တွေ ရတာပျော်တာထက် ကိုယ့်ပေါ်ကို ဂရုတစိုက်လေး ရှိတာကို ကြည်နူးမိတာပါ။ မိသားစုနဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးပါလို့း)

 

ဒါတွေကတော့ လက်ဆောင်ရထားတာ မဟုတ်ဖူးနော်။ အသက်ကြီးလာရင် အရင်က ဘယ်လောက်တောင် ငွေဖြုန်းခဲ့လည်းလို့ ပြန်အမှတ်ရစေဖို့ပါ :D




အိမ်ထောင်ပြုမဲ့ ကိုကို မောင်လေးများ အလှအပကြိုက်တဲ့ အမျိုးသမီးယူမယ်ဆိုရင်တော့ ဒါတွေဟာ လက်သဲ အလှအတွက်ပဲရှိသေးတယ်နော် :P ဒါတောင်မစုံသေးဘူး။



ခင်မင်စွာဖြင့်
Baby taster


Read more...

ထောပတ်ထမင်း၊ သိုးသားဟင်းနဲ့ မလုတ်သနီ ဟင်းရည်

 Friday, September 16, 2011



ထောပတ်ထမင်း ချက်တယ်။ ခုတလော မအားဘူးကွယ်။ အသက်ကကြီးလာပြီဆိုတော့ အလှအပဖက်ကို ပိုပြီး ဦးစားပေးလာမိတယ် :P (ရုပ်ဆိုးဆိုး ဆိုတော့က မပြင်ရင်မလှဖူး၊ ပြင်လိုက်တော့ မှန်ထဲ ကိုယ့်ပုံကြည့်ပြီး ကိုယ့်ဖာသာ လန့်တယ် :D) အသက်ကလည်း တနှစ်ထက် တနှစ်ပိုကြီးလာပြီ၊ အသက်သာကြီးလာပြီး ဘာမှကို အဖတ်မတင်ဘူးရယ်း) ဖီလင် (၃_ ) ဆိုပြီး ပို့စ်လေး အတုခိုးရေးမလား စဉ်းစားမိသေးတယ်။ ဘလောဂ့်တကာ လည်တယ်၊ ဖတ်တယ် မှတ်တယ် မေ့တယ်၊ မန့်တယ်။ ခုတလော ပိုစိတ်ဝင်စားတာက အလှအပ ဘလောဂ့်လေးတွေကို ဦးစားပေးဖြစ်တယ်။ ဟင်းတွေ ချက်ပြီး ပုံလေးတွေ ရိုက်ဖို့တောင် ပျင်းလာတယ်း) ကဲထောပတ်ထမင်း ကို ဆက်ချက်ပါတော့မယ်း)

ဒယ်အိုးတည် ပူလာရင် ထောပတ်(Ghee) ၃ဇွန်းထည့်(ထမင်းစားဇွန်း) ပူလာရင် ၊ကရဝေးရွက်နဲ့ သစ်ဂျပိုးခေါက် လက်တဆစ်စာထည့်၊ ဆန်နီု့ဆီဗူး ၂လုံးကို ရေဆေးပြီးထည့်လှော်၊ ဆားနဲ့ သကြားနဲနဲထည့်၊ ဆန်အရောင် လေးလှလာရင် ရေဆူခန့်မှန်းထည့်ပြီး ပေါင်းအိုးထဲထည့်ဆက်ချက်လိုက်တယ်။



ထောပတ်ထမင်း



                                                  ဆိတ်ကလီစာဟင်း


                                                  မလုတ်သနီ ဟင်းရည်

ပဲစင်းငုံကို ရေးဆေးပြီး အိုးတလုံးထဲထည့်၊ ဂျင်းနဲ့ ငရုပ်သီး အခြောက်တောင့်(အစပ်)  ၅တောင့်ကိုပါ တခါတည်း ရေဆေးပြီးပဲနဲ့ရောပြုပ်။ ပဲနူးလာရင် ငရုပ်သီး၊ ဂျင်းနဲ့ပဲကို ရောခြေထားပါ။

မန်ကျည်းမှည့်ကို ရေနွေးစိမ်ပြီး အနှစ်တိုက်ထား။

ဆီအိုးတည်၊ ငရုပ်သီး အခြောက်နဲ့ မုန့်ညှင်းစေ့( Mustard Seed) အနည်းငယ်ကို ဆီသတ်၊ ငရုပ်သီးတူး လောက်မှ၊ ပျည်းတော်သိမ်ရွက်၊ ခြွေထည့်၊ ကြက်သွန်ဖြူထောင်းထည့်ပြီး ခြေထားတဲ့ပဲးကိုလောင်းထည့်။ ရေဆူများများထည့်( ဟင်းရည်က ကျဲနေမှ သောက်လို့ကောင်းပါတယ်) ဆက်တည်ထား။

ပဲအနေအထား အတော်လောက်ဖြစ်ရင်၊ ဆား၊ အချိုမှုန့်၊ မန်ကျည်းမှည့် နဲ့ (Rasam Powder မလုတ်သနီ မဆလာ ) ထည့်၊ နံနံပင်ထည့်၊ အရည်ကျဲကျဲလေး ဖြစ်အောင် ပဲကို လျော့ထည့်ပါတယ်။ ချဉ်စပ် မလုတ်သနီဟင်းရည် ရပါပြီ။ တချို့ကတော့ ပဲမထည့်ဘူး၊ အဆာပလာတွေကိုပဲ ဟင်းရည် အကြည်လေး လုပ်သောက်ကြတယ်တဲ့။(သူငယ်ချင်းပြော ပြတာပါ)


                                               ငါးသလဲထိုး အစပ်ကြော်

ငါးသလဲထိုးတွေကို ကြက်သွန်ဖြူများများ၊ ငံပြာရည်များများ၊ ငရုပ်သီးကြော်ထောင်းမှုန့်များများနဲ့ စပ်စပ် လေးကြော်တယ်။



သိုးသား ဆီပြန်ဟင်းပါ။ ဆိတ်သား ချစ်တီး ချက်အတိုင်း ချက်ထားပါတယ်။ ချစ်တီးချက်က ဒီမှာ ပါ။ သာဂူ ကျိုဖြစ်ပေမဲ့ ပုံမရိုက်လိုက်မိဘူး :D

မလုတ်သနီ မဆလာမှုန့်

(ပုံကို ဂူဂဲလ်က ယူထားတာပါ။ ရိုက်ရမှာ ပျင်းလို့း)




ခင်မင်စွာဖြင့်
Baby taster


Read more...

နံနက်စာများ(၃)

 Wednesday, September 07, 2011


ခေါက်ဆွဲကို သခွါးသီး၊ ပဲပြားကြော်နဲ့ ပဲမှုန့်များများထည့်ပြီး စေးစေးလေးဖြစ်အောင် သုပ်စားပါတယ်။


ဂေါ်ပီထုပ်ဟင်းခါးနဲ့ပေါ့း)



ခေါက်ဆွဲခြောက်ကိုပြုပ်၊ ကြက်သွန်ဖြူဆီကျက်များများနဲ့ ကြာညို့၊ ပဲငံပြာရည်၊ အချိုမှုန့်၊ ငရုပ်ကောင်းမှုန့်နဲ့ နယ်လိုက်ပြီး ဂဏန်းသားကို ဆီနဲ့လှိမ့်ပြီး ရောထည့်လိုက်တယ်။ ဂဏန်းဆီကျက်ခေါက်ဆွဲပေါ့။





ဂဏန်းငါးဆုပ်လုံးဟင်းချိုနဲ့ တွဲစားတယ်။



ဗူးသီကြော်နဲ့ တွဲးစားတဲ့ အချဉ်ရည်




ဗူးသီးအကြီးမျိုး ရလာတာနဲ့ တရက်ကြိုပြီး စိတ်ထားလိုက်တယ်။ နောက်နေ့မနက် တန်ပူရာမှုန့်မှာ ရွှေကြည် မှုန့် နဲနဲထည့်ပြီး ရောကြော်လိုက်တယ်။


ဒါကတော့ ၉.၁.၂၀၁၁မှာ ကိုယ်တို့ရဲ့မေမေ အသက် ၆၃ပြည့်ပါတယ်။ မေမေ့မွေးနေ့မှာ ဘုန်းကြီးဆွမ်း ကပ်ဖြစ်တယ် နေ့ဆွမ်းပေါ့။ အိမ်မှာ အပေါင်းအသင်းတွေကို အုန်းနို့ခေါက်ဆွဲ ချက်ကျွေးမယ်လို့ စိတ်ကူးပြီး သူ့ဖက် ကိုယ့်ဖက် ပေါင်းလိုက်တော့ အယောက် ၁၅၀နီးပါးဖြစ်သွားရော။ တခြားလူတွေ ကိုလည်း အကူမခေါ်ချင်တာနဲ့ မေမေ့အတွက် ကိုယ်တို့ပဲ ပင်ပန်းခံ လိုက်တယ်။ မနက် ၃နာရီမှ အိပ်ရတယ်း)


ဒါကနောက်နေ့ ကျန်တဲ့ခေါက်ဆွဲကိုပဲ ရိုက်ထားတာ။ အစုံတော့မရှိတော့ဘူး။ ကြက်သွန်နီလည်း ကုန်တော့ ထပ်မထည့်တော့ဘူးး)



ဒါက ရွှေကြည်ဆနွင်းမကင်းထိုးတယ်။ ရွှေကြည် ၃ကီလိုထိုးတာ လက်က တပတ်ရှိပြီ နာနေတုန်းး(




                       ကျောက်ကျော လုပ်ပေမဲ့ အဲ့ဒီနေ့ကပဲ မလောက်လို့ ပုံမရိုက်လိုက်ရဘူး



ခင်မင်စွာဖြင့်
Baby taster

Read more...

နံနက်စာများ (၂)

 Sunday, September 04, 2011


အားလုံး မင်္ဂလာပါရှင်..... ခုတလော မအားလို့ ပို့စ်မတင်ဖြစ်သလို၊ စာတွေ လိုက်ဖတ်ဖြစ်ပေမဲ့ ခြေရာ မချန် ဖြစ်ခဲ့ဘူး။ ဘလောဂ့်ဒေးပို့စ်ကို သတိတရ တဂ်တဲ့ ညီမလေးရိုစ့်ကိုလည်း အထူးကျေးဇူးပါလို့ ..... ရေးဖို့ အချိန်မရလိုက်တဲ့အတွက် ဆေားရီးပါနော်း)




                                            ပူရီး လုပ်စားဖြစ်တယ်။



ဂျူံနယ်ထားပြီးသားပါ

ဂျူံကြမ်း (Aatta) နဲ့ All Purpose Flour နှစ်မျိုးရောပြီး နယ်ထားတာပါ။ All Purpose Flour တမျိုးထဲနယ် ပြီး လုပ်ရင်လည်း ရပါတယ်။ ဒါပေမဲ့ သူ့တမျိုးထဲလုပ်ရင် မုန့်လှိမ့်တဲ့အခါ အပြားက ကျူံ့သွားတတ်ပါတယ်။ အဲ့ဒါဆို မုန့်ကထူသွားတတ်ပါတယ်။ ထူသွားရင် ပူရီး မဖောင်းလာဘူး။ မုန့်လှိမ့်တဲ့အခါ ပါးလွန်းပြန်ရင်လည်း ကြော်တဲ့အချိန် အပေါက်ပေါက်ပြီး ပူရီး မဖောင်းလာတော့ဘူး။ မထူမပါးလေးတော့ လှိမ့်ဖို့ လိုပါလိမ့်မယ်။ ဂျူံကြမ်းနဲ့ ဂျူံနု ၂မျိုးရောရင် ပူရီးကို ကြာကြာထားလည်း မမာသွားဘူး နုးညံ့ပြီး စားလို့ ကောင်းပါတယ်။

ဂျူံ ၂မျိုးရောပြီး ဇကာလေးနဲ့ ခါချလိုက်ပါ။ ဆားအနည်းငယ်( လ္ဖက်ရည်ဇွန်း ၁/၃)ထည့်၊ ဆီ (လ္ဖက်ရည်ဇွန်း ၂ဇွန်းထည့်၊ ရေဖျန်းပြီး နယ်သွားပါ။ မုန့်သားညက်လာရင်၊ အ၀တ်စိုလေးတခုနဲ့ အုပ်ထားပါ( ၂နာရီ) ကြော် ခါနီးမှာ ဂျူံကို အလုံးလေးတွေလုပ် ဆီလေးနဲနဲတို့ပြီး ပုလင်းလေးတလုံးနဲ့ (သို့) မုန့်လှိမ့်တဲ့ ဒလှိမ့်နဲ့ လိပ်ပြီး မီးမှန်မှန်နဲ့ ကြော်ပါ(မီးမှန်မှန်ဆိုတာ မီးများသွားရင် အပေါ်ယံပဲ နီပြီတူးသွားပါလိမ့်မယ်။ အတွင်းမှာ မကျက်ပါဘူး။ မီးနဲသွားရင်လည်း မုန့်မဖောင်းလာပဲ ပျင်တွဲတွဲကြီး ဖြစ်နေမှာမို့လို့ပါ)





ကြော်နေစဉ် မုန့်သားစပြီး ဖောင်းလာရင် ဇွန်းကြီးနဲ့အသာလေး ပူရီပေါ်ကဖိပေးပါ။ ပိုပြီးဖောင်းကြွလာ မှာဖြစ်ပါတယ်။





အာလူးမရှိတာနဲ့ ကုလားပဲ ရေစိမ်ပြီး နူးနေအောင်ပြုပ်ပါတယ်။ ပြီးမှ ခြေလိုက်ပြီး ဆား၊ အချိုမှုန့်၊ ဟင်းခတ် မဆလာထည့်၊ ခြောက်နေအောင်မွှေအပြီး၊ ကြက်သွန်ဖြူနဲ့ ငရုပ်ခြောက် ဆီသတ်လောင်းလိုက် ပါတယ်။ ကော်ဖီနဲ့ မနက်စာပေါ့။




ခေါက်ဆွဲကို ကြက်သား၊ ကြက်ဥနဲ့ အသီးအရွက်တွေထည့်ပြီး နံနက်စာကြော်စားပါတယ်။



ခေါက်ဆွဲနဲ့ စားဖို့ သခွါးသီး ချဉ်စပ်သုပ်


မုန့်တီဖတ် ရှိနေတာနဲ့ အစပ်မစားရတဲ့ကိုယ်၊ တိုဖူးနဲနဲကျိုပြီး စားလိုက်တယ်။



ပုဇွန်ခြောက်ဟင်းခါး လုပ်ပြီး မုန့်တီနဲ့ပေါ့


အရောင်မှုန့်



Saffron (ကုံကုမံ) ဒီပုံ ၂ခုကို ဂူဂဲလ်က ယူထားတာပါ။

တခါက ဒန်ပေါက်မှာ ထည့်တဲ့အရောင်ကို ညီမလေးတယောက် မေးဖူးပါတယ်။ မအားလို့ရော မေ့သွားလို့ရော မတင်ဖြစ်ခဲ့ပါဘူး။ ဆေားရီပါ။ ခုတင်ပေးလိုက်တယ်။ ဒီအရောင်မှုန့်ကို သုံးကြသလို Saffron( ကုံကုမံ)ကို နွားနို့နဲ့စိမ်ပြီးလည်း အရောင်အတွက်ထည့်ကြပါတယ်။ အဆင်ပြေပါစေ။



ခင်မင်စွာဖြင့်
Baby taster


Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP