Lorem Ipsum

ငါးရံ့အူဟင်းနဲ့ ဟင်းမျိုးစုံ

 Thursday, April 28, 2011





 ငါးရံ့တွေ ချက်စားခဲ့တုန်းက စုထားတဲ့ ငါးရံ့အူတွေပါ။ အကောင်အရမ်းမကြီးတော့ အူကလည်း သိတ်မကြီးဘူးပေါ့။ အခါးတွေဖယ်ပြီး အူတွေကို နဲနဲဖြတ်လိုက်တယ်။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက်တွေကို အညှက်ထောင်းပြီ ဆီသတ် အရောင်တင်နဲ့ ဆနွင်းမှုန့်နဲနဲထည့်၊၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး အနှစ်ကြေတဲ့အထိ ကြော်လိုက်တယ်။ နောက်ဆုံးမှ ငါးရံ့အူတွေထည့်။ ဟင်းအိုးရခါနီးမှ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ မညှက်တညှက်လေးထုပြီး အုပ်လိုက်တယ်။



ပဲဇီးကွက်နဲ့ အာလူးသုပ်ထားတာပါ။ ပဲးကို ရေကြိုမစိမ်ထားမိတော့ တော်တော်လေးပြုပ်လိုက်ရတယ်။ နူးနေအောင်တော့ မပြုပ်ဘူး။ သုပ်ရင် ခပ်ဆတ်ဆတ်လေးကြိုက်လို့။ အာလူးကိုရော မာမာလေးပြုပ်တယ်။ ၂မျိုးလုံးကို ဇလုံတလုံးထဲထည့်၊ ကြက်သွန်ဖြူ ဆီကျက်များများ၊ ပဲမှုန့်၊ ငံပြာရည် အချိုမှုန့်၊ သံပုရာသီးညှစ်ပြီး ချဉ်ငံစပ်လေးသုပ်ထားတယ်။





မုံညှင်းချဉ်နဲ့ အမဲသားကြော်ထားတာပါ။ မြန်မာပြည်က ပို့ထားတဲ့ မုံညှင်းချဉ်နဲ့ ကြက်သွန်ချဉ် လက် ကျန်ရှင်းလိုက်တယ်။ အသစ်ထပ်ရောက်လာတော့မှာဆိုတော့ အဟောင်း တွေရှင်း ပြစ်တာ။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်စိမ်းတို့ကို နုပ်နုပ်စဉ်းပြီး ဆီသတ် အမဲသားအကြေထည့်ကြော်၊ ငံပြာရည်ထည့်၊ မုံညှင်းချဉ်နုပ်နုပ်စဉ်းထည့်၊ ချခါနီးမှ ကြက်သွန်နဲ့ နံနံပင် ပါးပါးလှီးထည့်တယ်။



ပိန်းဥဟင်းရည်ပါ။ ပိန်းဥကို အခွံနွါရေဆေးထား။ ရေဆူရင် ပုဇွန်စိမ်း နုပ်နုပ်စဉ်းထည့်၊ ငပိနဲ့အချိုမှုန့် နဲနဲထည့်ပြီး ဆူအောင်တည်ထား၊ ဟင်းရည်အိုး ဆူရင် ပိန်းဥထည့်၊ ပိန်းဥနူးမှ ဆီထမင်းစားဇွန်းတဇွန်းထည့်၊ ထမင်းစားခါနီးမှ ငရုတ်ကောင်းလှော်မှုန့်၊ ကြက်သွန်ဖြူထောင်း၊ ပင်စိမ်းရွက်တို့ထည့်ပြီး စားလို့ရပါပြီ။





ဒါကတော့ ဆူခီနီနဲ့ ပဲပင်ပေါက်အစိမ်းကြော်ပါ။ တခါမှ ဆူခီနီကို အစိမ်းကြော်စားရမှန်း မသိခဲ့ဘူး။ စူးနွယ် ကြော်စားမှ ကြော်စားလည်းရတာပဲလို့ မြန်မာပီပီ ကော်ပီလိုက်တယ် :)



ခင်မင်စွာဖြင့်
Baby taster




Read more...

ကြက်သားနဲ့သီးစုံဟင်း၊ ပုစွန်ငါးပိကြော်နဲ့ ခရမ်းသီးဟင်း

 Monday, April 25, 2011


ကြက်သားကို ကြော်ပြီ၊ ဆူခီနီရယ်၊ ခဲရောတ့်ရယ်၊ အာလူးရယ်၊ စတော်ပဲစိမ်းရယ်နဲ့ ရောချက်လိုက်တယ်။ ပထမဆုံး ကြက်သားကို ရေဆေး အရွယ်တော် တုံးပြီ ဆားဆနွင်းနယ်ပြီ ကြော်လိုက်တယ်။ အပေါ်ရေ လေးတင်းအောင် ကြော်တာပါ။ ကြက်သားကို ဆယ်ထားပြီ ကျန်တဲ့ဆီမှာ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း ထောင်းပြီ ဆီသတ်ပါတယ်။ အနှစ်ရရင် အာလူး၊ ဘေဘီခဲရောတ့်နဲ့ ကြက်သားထည့်၊ ဆား၊ အချိုမှုန့်နဲ့ မဆလာ မှုန့်ထည့်၊ ရေဆူမြုပ်အောင်ထည့်၊ ကြက်သားနဲ့ ခဲရောတ့်နူးလာရင် ဆူခီနီနဲ့ ပဲစိမ်းလုံးထည့် ဆူခီနိ နူးရင် ရပါပြီ။




အိုးလိုက် ရိုက်တယ်ကွာ :)



ပုစွန် အသေးစားလေး အခွံခွါပြီးသားရလို့ ၀ယ်လာတယ်။ ကြက်သွန်နီ၊ ဖြူ ပါးပါးလှီးကြော်၊ ဆယ်ထားပြီး ကျန်တဲ့ဆီမှာ ပုစွန်နဲ့ငါးပိ တခါတည်း ထည့်ကြော်တယ်။ အချိုမှုန့်ထည့်၊ ငရုတ်သီးလှော်ထောင်းထည့်၊ ခုန က ကြော်ပြီး ဆယ်ထားတဲ့ ကြက်သွန်ကြော်ရော ရပါပြီ ငါးပိကြော်။











ခရမ်းသီး ၀ယ်ထားတာ တပတ်လောက်ရှိပြီ။ သုပ်စားမလို့ပါ။ မသုပ်ဖြစ်ဘူး ငါးသေတ္တာဗူးတွေ့တာနဲ့ ရောချက်လိုက်တယ်။ ခရမ်းသီးကို ပါးပါးလွှာလှီးပြီ ရေစိမ်ထားပါတယ်။ ကြက်သွန်နီ၊ ဖြူနဲ့ငရုတ်သီး ခြောက်ကို ထောင်းပြီ ဆီသတ်ပါတယ်။ ကြက်သွန်နီဝါရောင်လေးရရင် ဆနွင်းနဲ့ အရောင်တင် နဲနဲထည့်၊ ခရမ်းချဉ်သီး တလုံးပါးပါးလှီးထည့်၊ ခရမ်းချဉ်သီး အနှစ် ရရင် ငါးသေတ္တာခြေပြီထည့်ပါတယ်( အကောင် လိုက် မကြိုက်လို့ပါ) ငံပြာရည်နဲ့ အချိုမှုန့်လေးပါထည့်။ ရေခမ်းပြီ အနှစ်ဆီပြန်မှ ခရမ်းသီးထည့် ခရမ်းသီး နှပ်ရင် နံနံပင်နဲ့ ငရုတ်သီးကြော်တောင့်ထည့်ပြီး အဖုံးအုပ်ထားလိုက်တယ်။ ရပါပြီ ခရမ်းသီးဟင်း။



ခင်မင်စွာဖြင့်
Baby taster


Read more...

အမဲသားနဲ့ အသီးအရွက်စုံ Egg Rolls

 Sunday, April 24, 2011

မနေ့နေ့လည်က ပျင်းလို့ Egg Rolls လုပ်စားတယ်။ မလုပ်စားတာလည်း ကြာလှပေါ့။ မလုပ်စားဖြစ်တာက ခုတလော ကိုယ်တို့နေတဲ့မြို့မှာ မြန်မာဆိုင်တွေ တော်တော်ပေါနေတယ်။ ကုန်ခြောက်ရော ကုန်စိုရော ရတဲ့အပြင် မုန့်ပဲသရေစာတွေရော တနေ့တမျိုး မရိုးရအောင်ရတယ်။ ထပ်ပြီး ကမ္ဘောဒီးယားဆိုင်နဲ့ ဗီယက်နာမ်ဆိုင်ကလည်း ထိုင်းသဘောင်္သီးထောင်း ၀က်ခေါင်းသုပ်ကအစ သုပ်ရောင်တယ်။ အဲ့ဒါအပြင် အခု မြန်မာပြည်က မွတ်စ်လင် မိသားစုက လ္ဖက်ရည်ဆိုင် ဖွင့်ထားသေးတယ်။ မုန့်တွေများ စုံလို့ပေါ့။ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်၊ ဟလ၀ါ၊ ရွှေချီဆနွင်းမကင်း၊ ကောက်ညှင်းဆနွင်းမကင်း၊ အီကြာကွေး၊ စမူဆာ၊ ပဲပလာတာ၊ နံပြား( ဖိုမှာပြီး ကိုယ်တိုင်ရိုက်) ခါကြာမုန့် စုံလို့ပေါ့။ မရေးနိုင်တော့ဘူး :)

ဒါနဲ့ Egg Roll လုပ်စားပါတယ်။ Spring Roll နဲ့ကွာတာက အပေါ်က အခွံပါပဲ။ အဆာတွေအတွက် ကိုယ့်မှာ အဆင်သင့် ရှိနေတာတွေနဲ့ လုပ်ပါတယ်။

အမဲသား (အကြေသား)
မုံလာဥနီ (ခပ်နုပ်နုပ် စဉ်းထား)
ဂေါ်ပီထုပ် (ရိတ်ရိတ် လှီးထား)
ပဲကြာဇံ (ရေနွေးစိမ်ထား)
ပဲပင်ပေါက်( ရေဆေးပြီးစစ်ထား)
ပဲပြား ( အတုံးသေးသေးလှီးထား)
ကြက်သွန်မိတ် (ရိတ်ရိတ်လှီးထား)
နံနံပင် ( ရိတ်ရိတ်လှီးထား)

ဒယ်အိုးတည် ဆီနဲနဲထည့်( လုံးဝမများဖို့သတိထားပါ) ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်စိမ်းတို့ကို နုပ်နုပ်စဉ်းပြီ ဆီသတ်၊ ပဲပြားထည့်ကြော်၊ ပဲပြားထည့် အရောင်လှလာရင် ဘေးဖယ်ထား၊ အမဲသားအကြေထည့်ကြော်၊ အမဲသားရရင် နှစ်မျိုးလုံးရောကြော်၊ မုံလာဥနီထည့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်အနှောက်၊ အချိုမှုန့် ထည့်ကြော်၊ အသားထဲက ရေတွေလုံးဝခမ်းသွာပြီး ဆီပြန်လာမှ ဂေါ်ပီထုပ်ထည့်၊ ပဲကြာဇံ၊ ပဲပင်ပေါက်၊ ထည့်၊ နောက်ဆုံး ကြက်သွန်မိတ်၊ ငရုတ်ကောင်းမှုန့်နဲ့ ပြောင်းဖူးမှုန့်တဇွန်း(လ္ဖက်ရည်ဇွန်း) တရုတ်မဆ လာနဲနဲထည့်မွှေပြီ အအေးခံထား ( ဆား၊ ငံပြာရည်မထည့်ဘူး။ ပဲငံပြာရည်နဲ့ ခရုဆီက ငံလို့ပါ)

Egg Roll အခွံဖြန့်ခင်း၊ အဆာတဇွန်းထည့်၊ ထိပ်နှစ်ဖက်ပိတ်ပြီလှိမ့်၊ ကိုယ်ကတော့ ကြက်ဥတလုံးဖောက် ပြီအကာနဲ့ ကပ်တယ်။ (ဂျူံမှုန့်ကို ရေဖျော်ပြီး ကပ်နိုင်သလို ကော်မှုန့်နဲပလည်း ကပ်နိုင်ပါတယ်)



ကြော်ပြီသား


အထဲမှာ ဒါတွေပါတယ်


အချဉ်အတွက်၊ မြန်မာပြည်က လာတဲံငရုပ်ဆီ လက်ဖက်ရည် ခွက်တခွက်စာကို၊ ငရုတ်သီးစိမ်း၊ ကြက်သွန် ဖြူကို ညက်အောင်ထောင်းထည့်၊ ဆားအချိုမှုန့်နဲ့ သံပုရာသီးတလုံး ညှစ်ထည့်ထားပါတယ်။


ကြော်ပြီအအေးခံထားတာပါ


Egg Roll အခွံပါ





ခင်မင်စွာဖြင့်
Baby taster



Read more...

အမဲသားတုတ်ထိုးနဲ့ ကြာဇံကြော်

 Saturday, April 23, 2011

ကဲ .... ခုတလော ဘလောဂ့်တကာက ၀က်သားတုတ်ထိုးတဲ့ ကြာဇံကြော်တဲ့ စားလိုက်ကြတာနော်။ ကိုယ်ဝက်သား မစားတာ ၈နှစ်လောက်ရှိပြီဆိုတော့ ၀က်သားတုတ်ထိုး မစားတော့တာလည်း အဲ့လောက်ကြာပြီ။ မမြင်ရတော့ မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ နေမကောင်းနေတုန်းက အန်တီဆွိဘလောဂ့်မှာဝက်သားဒုတ်ထိုးနဲ့ ကြာဇံကြော်တဲ့။ ဒုတ်ထိုးကို စားဖူးပေမယ့် အဲ့ဒီလို ကြာဇံကြော်နဲ့ တွဲစားရမှန်းမသိခဲ့ဘူး။ ဒါနဲ့ အာရှဆိုင်က အမဲကလီဇာတွဲဝက် ၀ယ်လာတယ်။ အိမ်မှာ သန့်ရှင်းအောင်လုပ်ရတာက နေ့တပိုင်းပေါ့။ စူပါမားကက်တွေမှာ သန့်ရှင်းပြီးသားရပေမယ့် လတ်လတ်ဆတ်ဆတ်လောက် မချိုပါဘူး။ ဒါကြောင့် ပင်ပန်းခံပြီး လုပ်စားပါတယ်။ တွဲဝက်ကို ၆နှပ်လောက်ရပါတယ်။ တန်ပါတယ်။ ၀က်သားမစားသူတွေ အတွက် အမဲသားတုတ်ထိုးပေါ့နော် :)

အမဲတုတ်ထိုးအတွက် လိုအပ်တာတွေက ၀က်သားတုတ်ထိုးနဲ့ တူပေမယ့် အမဲက ပိုညှီတတ်လို့ ဖာလာနဲ့ လေးညှင်းပွင့်ဖြည့်ပါတယ်။ အမဲကလီဇာစုံကို သန့်ရှင်းအောင်လုပ် ရေဆေးပြီး ပဲငံပြာရည်နဲ့နယ်ထား ပါတယ်။ အိုးတလုံးထဲမှာ ဆီနဲနဲထည့်၊ ဆီပူလာရင် သစ်ဂျပွေးခေါက်၊ ကရဝေးရွက်၊ ဖာလာနဲ့ လေးညှင်းပွင့်(၃ပွင့်) ထည့်ပြီးဆီသတ်၊ သကြားနဲနဲထည့်၊ နှပ်ထားတဲ့ အမဲကလီဇာကိုထည့်ကြော်။ အရောင်လှပြီး ရေခန်းသွားရင်၊ ပဲငံပြာရည်အကြည်၊ အချိုမှုန့်၊ ဆား၊ ရေဆူကို ကလီဇာမြုပ်အောင်ထည့်ပြီးတည်တယ်။ ကလီဇာတွေကျက်လောက်ရင် အသဲကိုဆယ်ပြီ ကျန်တဲ့အစိတ်အပိုင်းကို နူးအောင်ပြုပ်။ နူးရင်ပါးပါးလှီးပြီ အရည်ထဲပြန်စိမ်ထားလိုက်တယ်။




အစိတ်ပိုင်းတခုချင်းစီကို ဘယ်လိုခေါ်လည်းတော့ ကိုယ်မသိဘူးး) ၀က်သားမှာ ပါသလို အဆီပိတ်တော့ မပါဘူး။ အဲ့ဒါတော့သိတယ် အရင်က အဆီပိတ်ပဲ စားတာခုတော့ ကိုယ်တိုင်အဆီပိတ်တော့မယ် :)


ထင်သာမြင်သာအောင်ပေါ့ တကွက်ချင်းရိုက်ပြတာပါး)




                   အဆုတ်မစားပေမဲ့ နှမြောလို့ထည့်လိုက်တယ်။ နောက်တော့ ပြစ်လိုက်ရတယ်။


 ရှူရှဲစေမယ့် အချဉ်နော် စပ်နည်းရေးထားတယ် အရင်ပို့စ်မှာ


ကြာဇံကြော် စားမဲ့စိတ်ကူး မရှိခဲ့ဘူး။ သူများတွေစားသလို စားကြည့်အုံးမှလို့ စိတ်ကူးရတော့ ကမန်းကတန်း ကြာဇံကို ပြုပ်ပြီး ဂေါ်ပီထုပ်နဲ့ ရိုးရိုးလေးကြော်လိုက်တာ။ မဆိုးဘူးကောင်းတယ်။


ကြာဇံကြော်က မှောင်နေတယ် :)


ဒါမျိုးတွေ ခုလို အသက်ရွယ်ရလာမှ ကြိုက်တတ်လာတယ်။ လက်စွပ်နဲ့ တွဲဝတ်ရတာ မကြိုက်ဘူး။ လက်ကောက်နဲ့ နားဆွဲပဲကြိုက်တယ်။ ဒါလေးက တစုံကို $ 23.00 နဲ့လျော့ထားတယ်။


ဘေးက အနီလေးက တစုံကို $ 18.00 နဲ့လျှော့ထားတယ်။


ဒါလေးက $ 17.00 နဲ့လျှော့ထားတယ် နားဆွဲက အမှောင်ပေမဲ့ လက်ကောက်က အရမ်းလှနေတယ် ဒါကြောင့်ဝယ်ဖြစ်တာ။  မမခင်ဦးမေကို အားကျလို့ပါ :)



ခင်မင်စွာဖြင့်
Baby taster

Read more...

ငါးပိရည်နဲ့ငါးကြော်

 Thursday, April 21, 2011





ငပိရည်ပါ။ စူးနွယ်ချက်စားတာ မြင်တော့ မနေနိုင်ဘူး။ နောက်နေ့ ချက်စားဖြစ်တယ်။ အစပ် စားမရတဲ့ ကိုယ့်တွက်တော့ အစပ်မပါပဲ လုပ်ထားလိုက်ပြီး၊ ဒါကတော့ အစပ်နဲ့ ဖျော်ထားတာပါ။ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူကို လှော်ပြီ၊ ပုဇွန်ခြောက်မှုန့်နဲ့ ဖျော်ထားတာပါ။



တို့စရာကတော့ မစုံဘူးပေါ့။ မုန့်ညှင်းရယ် ဂျပန်သခွါးသီး( အစေ့မပါတာ) နှစ်မျိုးတည်းပါပဲ။


ငါးကြော်ပါတယ်။ တန်ပူရာမှုန့်နဲ့ ရောကြော်ထားတာပါ။



ချဉ်ပေါင်နဲ့မျှစ်ကို ရောပြီး ပုဇွန်ခြောက်နဲ့ ချဉ်ရည်ဟင်းလုပ်ပါတယ်။


အချဉ်စားလို့မရတဲ့ ကိုယ့်တွက်ကတော့ ကြက်ဥကိုမွှေပြီး ဟင်းချိုလုပ်သောက်ပါတယ်။




ခင်မင်စွာဖြင့်
Baby taster



Read more...

ဆင်ခေါင်းပဲနဲ့ ဗယာကြော်သုပ်

 Tuesday, April 19, 2011


ရေနွေးကြမ်းနဲ့ အသုပ်ထဲထည့်ဖို့ အချဉ်ရည်ပါ။ ချဉ်ငံစပ်လေးမို့ အရမ်းကောင်းတယ်လို့ကြော်ငြာပါရစေ :)အချဉ်ရည်အတွက် မန်ကျည်မှည့်ကို ရေဆေးပြီး အိုးတလုံးထဲမှ ပြုပ်ပါတယ်။ Ketchup လက်ဖက်ရည်ပန် ကန်လုံး ၁လုံးစားထည့်ပြုပ်ပါတယ် ဆားနဲ့ အချိုမှုန့်ထည့်ပြီး တခါတည်းပြုပ်ပါတယ်။ မန်ကျည်းမှည့်ရလာ ရင် ခြေပြီးအရည်ညစ်လိုက်တယ်။ ငရုတ်သိးစိမ်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်တို့ကို ရောပြီထောင်းထည့် ပါတယ်။ အချဉ်ရည် တရက်ကျိုလုပ်ထားရင် ပိုကောင်းပါတယ်။ အချဉ်စူးပြီး ပိုစပ်နေ တတ်တယ်။




ဗယာကြော်ကြော်ဖို့ အဆင်သင့်လုပ်ထားတာပါ။ ဗယာကြော်နဲ့ ဆင်ခေါင်းပဲသုပ် အကြောင်း အရင်က ဒီမှာ ရေးဖူးပါတယ်။



ဗယာကြော်


ဆင်ခေါင်းပဲ သုပ်ဖို့ရယ်ဒီပါ။

သုပ်ပြီးပြီ


စားလို့ရပါပြီ :)



ခင်မင်စွာဖြင့်
Baby taster



Read more...

ကြက်သားပေါင်း

 Monday, April 18, 2011





Wonton လုပ်စားတယ်။ ကြက်သား၊ ကျူဆိုင်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်၊ ကော်မှုန့်၊ ကြက်ဥတလုံး၊ ငရုတ်ကောင်းနဲ့ ပဲပုပ်အစေ့အချိုတို့ကို ထည့်ပြီးရောနယ်လိုက်တယ်။ ပြီးမှာ Wonton အရွက်ထဲထည့်ပြီး ပြုပ်လိုက်တာပါ။ ကြော်တာ မစားချင်လို့ပါ။

 





Wonton အရွက်တွေကျန်နေတာနဲ့ Evy နည်းလေးနဲ့ ကြက်သားနဲ့ လုပ်စားတယ်။ Evyလေးလောက်တော့ မလှဖူးပေါ့ကွယ်။



ခင်မင်စွာဖြင့်
Baby taster


Read more...

ငါးထမင်းနယ်(ရှမ်းထမင်းချဉ်)

 Sunday, April 17, 2011

ငါးထမင်းနယ် (ရှမ်းထမင်းချဉ်) လုပ်စားတယ်။ တခါမှတော့ မလုပ်ဖူးဘူး။ လုပ်နည်းကတော့ ဘလောဂ့် ပေါင်းစုံက ယူထားပါတယ်။ တခုပဲကွာတာက ခရမ်းချဉ်သီးပြုပ်တဲ့ထဲ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထည့် ပြုပ်လိုက်ပါတယ်။



ဒါကတော့ ခရမ်းချဉ်သီး အနှစ်နဲ့ပါ။ ထမင်းက သိပ်မကြေဖူးဖြစ်သွားတယ်။ နောက်တခါပေါ့ :)








ဒါကတော့ ကိုယ်စားတာပါ။ ခရမ်းချဉ်မပါတာပါ။ အာလူး၊ ငါးနဲ့ ဆီကျက်ပဲထည့်ထားတယ်။


Salmon ငါးဟင်းခါးပါ။ ငါးထမင်းနယ်နဲ့ တွဲစားရအောင်ပါ။






ခင်မင်စွာဖြင့်
Baby taster



 

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP