Lorem Ipsum

အမဲနှပ်၊ ချဉ်ပေါင်ဟင်းရည် ငပိထောင်းနဲ့ မုန့်ညှင်းချဉ်သုပ်

 Saturday, July 16, 2011


ငါးရံ့ခေါင်းနဲ့ ချဉ်ပေါင်ချက်တယ်။ ငါးရံ့ခေါင်းကို နှစ်ခြမ်းခြမ်းပြီး ဆနွင်း၊ ငံပြာရည်နဲ့ရောနယ်ပြီး ကြော်ထား လိုက်တယ်။ ချဉ်ပေါင်ရွက်ခြွေပြီး ရေဆေးထားပါတယ်။ ကြက်သွန်နီဖြူနဲ့ ဂျင်းထောင်းပြီးဆီသတ်၊ ချဉ်ပေါင် ရွက်ထည့်၊ စိမ်းစားငပိနဲ့ အချိုမှုန့်ထည့်ပြီး ချဉ်ပေါင်ရွက်နွမ်းမှ ငါးရံ့ခေါင်းထည့် ရေဆူထည့်ပြီး တည်ထား လိုက်တယ်။ စားခါနီးမှ ပင်စိမ်းနဲ့ ငရုတ်သီးစိမ်းထောင်းထည့်ပြီး စားတယ်။



ငါးရံ့ခေါင်းနဲ့ ချဉ်ပေါင်ဟင်း


အမဲသားနှပ်


အမဲသားနှပ်တယ်။ အမဲသားတွေကို အရွယ်တော်တုံးပြီး ဆား၊ ဆနွင်း၊ အရောင်တင်၊ အချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းထောင်းထည့်၊ ဆီအိုးတည် သစ်ဂျပွေးခေါက်၊ ဖာလာစေ့၊ လေးညှင်းပွင့်၊ ကရဝေးရွက်နဲ့ ငရုတ်ကောင်းစေ့( အနက်) တွေကို ဆီသတ်ပြီး အားလုံးရောနယ်ပြီး တည်လိုက်တယ်။ အသားထဲက ရေ ခမ်းပြီး ဆီထွက်လာမှ ရေဆူနဲနဲထည့်၊ Pressure Cookerနဲ့ ၄ခါလောက်ပေးမြည်လိုက်ပြီး မီးပိတ်လိုက် တယ်။ အဖုံးဖွင့် မဆလာထည့်၊ အဖုံးပိတ်ပြီး မီးငွေ့ငွေ့လေးနဲ့ မိနစ်၂၀နှပ်ပါတယ်။ အရင်တုန်းကလည်း အမဲ သားနဲ့ ဆိတ်သားဟင်းတွေ ရေးဖူးပါတယ်။ ဖာလာစေ့၊ လေးညှင်းပွင့်ကိုတော့ အမဲသားနဲ့ ဆိတ်သားမှာပဲ ထည့်ပါတယ်။ ဒီအသားတွေက ညှီတတ်လို့ပါ။



ငပိထောင်းပါ။ ငပိကို မီးကင်ပြီး ငရုပ်သီးစိမ်နဲ့ကြက်သွန်ဖြူကို မီးကင်ပြီးထောင်း၊ ငပိထည့်ထောင်း၊ အချိုမှုန့် ထည့်ပြီးရင် ရပါပြီ။ အချဉ်မထည့်ပါဘူး။ အချဉ်သုပ်ရှိနေလို့ပါ။



အသိတယောက်လာပေးတဲ့ မုန့်ညှင်းချဉ်ကို ပါးပါးလှီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်း၊ နှမ်းလှော်တို့ကို ထောင်းထည့်၊ ဆား၊ အချိုမှုန့်ထည့်၊ နံနံပင်ပါးပါးလှီးထည့်ပြီး သုပ်ထားပါတယ်။


ခင်မင်စွာဖြင့်
Baby taster

 

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP