Lorem Ipsum

မျှစ်ချဉ်ခေါက်ဆွဲ

 Wednesday, November 17, 2010



ငရုတ်သီးကြော် မထည့်ဘူး ။ဒီလိုလေးပဲ စားတယ် ။နဂို အရှိန်ကိုက ပူစပ်နေတာလေ ။


တိုဖူးကြော် (၀မ်းတိုဖူးကြော် )

ရေစိမ် ခေါက်ဆွဲ လုပ်စားမယ် စဉ်းစား ထားတာပါ ။တကယ့် တကယ် လုပ်စား ဖြစ်တာက မျှစ်ချဉ်နဲ့ ဆန်ခေါက်ဆွဲ လုပ်စားဖြစ်တယ် ။ဆန်ခေါက်ဆွဲကို အစီးမျိုး ကြိုက်တယ်။ ဒါပေမဲ့ မရဘူးဆိုတော့ ရေစိမ်ဖတ်ကို မျှစ်ချဉ်နဲ့ အမဲသားရော ပြီးချက်စားတယ် ။

အမဲသား အဆီနည်းနည်း  ပါတာကို ရေဆူဆူမှာ ၃မိနစ်လောက် ပြုတ်ပြီး ပထမ တရေသွန်ပစ်လိုက်ပါတယ် ။  နောက်တရေ ဆူလာရင် ဂျင်း လက် တဆစ်စာလောက်ကို အမဲသားနဲ့ တူတူထည့်ပြီး ပြုတ်ပါတယ် ။အမဲသားနူး လာရင် ကြေအောင် ခြေလိုက်ပြီး မျှစ်ချဉ် နှုတ်နှုတ်စဉ်းထည့် ၊ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူ ၊ငရုတ်ကောင်း ထောင်းထည့် ၊ဆား နဲ့ အချိုမှုန့် ထည့်ပြီး ပြုတ်လိုက်ပါတယ် ။

ပဲဆီနဲ့ နှမ်းဆီ ( နည်းနည်း) ရောအပူပေး တရုတ်မဆလာ လက်ဖက်ရည်ဇွန်း တ၀က်လောက်ကို ထည့်ပြီးမွှေးအောင် လုပ်ထား ။

ငရုတ်ခြောက်ကို အ၀တ်အစိုနဲ့ သုတ်ပြီး ဆီနဲ့ကြော်  ထောင်းပြီး အဲ့ဒီဆီထဲ ပြန်စိမ်ထားပါ ။

ကြက်သွန်ဖြူကို ညှက်အောင်ထောင်းပြီး ဆီတိုဖူး နဲ့ရော ဖျော်ထား ။

ပဲလိပ်ပြာရွက်နဲ့ ခေါက်ဆွဲဖတ်ကို အဆင်သင့်ပြင်ထား

တိုဖူး(၀မ်းတိုဖူး) ကို ပါးပါးလှီးပြီး ကြော်ထား။

မုန့်ပွဲပြင်မယ်နော် ။ခေါက်ဆွဲကို ရေဆူထဲ ထည့်ပြုတ် ကျက်လျှင် ပဲရွက်ထည့်ပြီး စက္ကန့် ၃၀ ထားပါ ပန်ကန်လုံး တလုံးတွင် ခေါက်ဆွဲဖတ်နဲ့ ပဲလိပ်ပြာထည့် ၊ဆီမွှေးတဇွန်းထည့် ၊ ဆီတိုဖူးနဲ့ ကြက်သွန်ဖြူ ရည်ထည့် ၊ တိုဖူးကြော်ထည့် ၊ဟင်းရည်ထည့် ၊ ကြိုက်တတ်ရင် ငရုတ်ကြော်ထည့်စားပါ ။

ဒီခေါက်ဆွဲကို တချို့ ကစားဖူး ချင်မှ စားဖူးမှာပါ ။ကျမ တို့ အရပ်မှာတော့ ငါခူနဲ့ မျှစ်ချဉ် ရောချက်ပြီး ခေါက်ဆွဲထဲ ထည့်ရောင်း သေးတယ် ။ တခါက မဂ္ဂဇင်း တအုပ်မှာ ဖတ်ဖူးသေးတယ် ။မျှစ်ချဉ် ခေါက်ဆွဲကို အခုချိန်မှာ ရန်ကုန်မှာလည်း စားကြတယ်လို့ ဆိုပါတယ် ။ ကချင်ပြည်နယ် ရဲ့  ဆောင်းမနက်ခင်းက တော်တော် အေးပါတယ် ။ ဒီလိုခေါက်ဆွဲ ပူပူလေးကို မျှစ်ချဉ်နဲ့ တွဲစားရတာ အရမ်းကို ခံတွင်းတွေ့ ပြီး ချွေးပြန် လူလည်း လန်းဆန်း ပေါ့ပါး သွားရော ။

သတိ ။  ။ ငှက်ဖျား သမားများတော့ မျှစ်ချဉ် မစားရဖူးဆိုတယ် ။ဒါကြောင့် မစားတာ အကောင်းဆုံးပါ ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP