Lorem Ipsum

ဆင်ဂေါင်းပဲနဲ့ ဗယာကြော်သုပ်

 Friday, November 26, 2010

မနေ့က မနက် ဆင်ဂေါင်းပဲ ချက်ပြီး သုပ်စားပါတယ် ။မစားရတာကြာတော့ တော်တော် စားကောင်းတယ် ။မြန်မာပြည်မှာဆိုရင် မေမေ အမြဲလို ချက်ကျွေးနေကြပါ ။ ကျမတို့ မောင်နှမကလည်း မေမေချက်သမျှ မညည်း မညူ စားပေးနေကြ :) ဒီအသက်အရွယ် ရလာပေမဲ့ ကျမ အခုထိ မေမေ့ကို ချွဲနေတုန်း ။မေမေနဲ့ စကား ပြောရင် အသံက သူ့အလိုလို ပြောင်းသွားတယ် :P ကျေးဇူးရှင်က မိန်းမ အသံပြောင်းသွားပြီတော့လို့ သတိပေးယူရတဲ့အထိ ။ဟဟ ရီတော့ရီချင်သားနော် ။တခါလေ သြော် ငါ့ကို ချွဲမယ့် သမီးလေးအတွက် နေရာပေးရမယ် ဆိုပြီး တွေးမိတယ် ။ဒါပေမဲ့ အမေရော သမီးရော နှစ်ယောက် ပေါင်းပြီး ပိုချွဲကြပါတယ် ရှင်။ လိုရင်း မရောက်တော့ဘူး ။ တခုခုလုပ်ရင် လိုရင်း မရောက်တတ်တာလည်း ကျမ အကျင့်ဖြစ်လို့ နေပါပြီ ။ ဆင်ဂေါင်းပဲဆီ ပြန်သွားကြဆို့ကွယ် :P


 



 
ဆင်ဂေါင်းပဲ စားချင်နေတာ ကြာပြီ ပျင်းလို့ မချက်ဖြစ်ဖူး ။ မနေ့ကတော့ အကောင်ထည်ဖော် ဖြစ်တယ် ။ ဆင်ဂေါင်းပဲကို ၂နာရီ ၃ နာရီကြာအောင် ရေစိမ်ထားတယ် ။ တညလုံးလည်း စိမ်လို့ရပါတယ် ။ ရေ၀သွား တဲ့ပဲကို အိုးတလုံးထဲထည့် ၊ဆား ၊အချိုမှုန့် ၊ဆနွင်းမှုန့် ၊အရောင်တင်မှုန့် နဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ထား ။ ရေခမ်းပြီး ပဲလုံးတွေ နူးအိသွားရင် သပ်သပ်ဖယ်ထား။ ဆီအိုးတည် သစ်ဂျပွေးခေါက်နဲ့ ကရဝေး ရွက်ကို ဆီသတ် ကြက်သွန်နီ ၊ဖြူ ၊ဂျင်း ထောင်းပြီး ဆီသတ် အာလူး အခွံနွာထား ပြီးသားလေးကို ထည့် ရေဆူနဲနဲထည့် ၊ ရေခမ်းရင် ဆင်ဂေါင်းပဲလောင်းထည့် ၊ရောမွှေပေးပါ။  ပဲမှုန့် ထမင်းစားဇွန်း ၂ ဇွန်းကို ရေနဲ နဲနဲ့ ဖျော်ပြီး ဟင်းအိုးထဲ ရောမွှေ ရေဆူထပ်ဖြည့်ပြီး မဆလာထည့် ၊ပဲစိမ်းနံ့  ပျောက်တဲ့အထိ မွှေပေးပါ ပဲ စိမ်းနံ့လေး ပျောက်ရင် သုပ်စားလို့ရပါပြီ ။(ပဲမှုန့်နဲ့ အာလူးကို သတ်သတ် ချက်ကြပေမဲ့ ကျမကတော့ လွယ်အောင် တခါထဲ ရောချက်တာပါ )


 







သုပ်မဲ့ ပန်ကန်ထဲကို ဆင်ဂေါင်းပဲချက်ထည့် ၊သခွါးသီး ၊ဂေါ်ပီ ၊ငရုတိစိမ်း၊ ကြက်သွန်နီနဲ့ ပူစီနံ ရိတ်ရိတ်လှီး ထည့် ၊မန်ကျည်းရည်ထည့်ပြီး သုံးဆောင်လို့ရပါပြီ ။( ကျမကတော့ ရှောက်ရွက်နဲ့ မစားတတ်ပါဘူး ။ကချင် မှာ လည်း ရှောက်ရွက်နဲ့ သုပ်တာတော့ ရှားမယ်ထင်တာပဲလေ ။ကျမ မစားဘူးတာလည်း ဖြစ်မှာပါ )ကြိုက် တတ်ရင် ဗယာကြော်နဲ့ ဆမူစာနဲ့ ရောသုပ်စားကြပါသေးတယ် ။



ကျမ ကြော်ထားတဲ့ ဗယာကြော်ပါ ။ကုလာပဲခြမ်း လက် သုံးဆုပ်စာလေး ရေစိမ်ထားပါတယ် ။ကြိတ်မဲ့ စက်ထဲ ကုလာပဲ၊ ငရုတ်စိမ်း ကြက်သွန်ဖြူ  ၊ဂျင်း ထည့်ပြီးကြိတ်ပါတယ် ။ ကြက်သွန်နီနဲ့ နံနံပင်လှီးထည့် ဆား၊အချိုမှုန့် ၊ဆော်ဒါ ထည့်ပြီးရောနယ် ။လိုချင်တဲ့အရွယ် ထည့်ကြော် ။ အသုပ်ထဲ ထည့်သုပ်စားပေါ့နော်။




ဒါက သုပ်ပြီးသားလေ ။တပွဲမလောက်ရင် နှစ်ပွဲစားပေါ့နော် :-P ရေနွေးကြမ်း ပုံလေး မရိုက်ထားမိဘူးကွယ်
အမှန်တိုင်းပြောရရင် စားချင်ဇောနဲ့လေ :)


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP