Lorem Ipsum

Showing posts with label ဟင်းစုံ. Show all posts
Showing posts with label ဟင်းစုံ. Show all posts

မုန့်ညှင်းကြော်၊ ငါးသေတ္တာသုပ်နဲ့ ကြက်သားအချိုကြော်

 Tuesday, January 25, 2011

မုန့်ညှင်း သိတ်ကြိုက်တယ်။ မြန်မာပြည်မှာ ဆောင်းတွင်းဆို နေ့တိုင်းနီးပါ မုန့်ညှင်း စားချင်တယ်။ ပဲပုပ်နဲ့ မုန့်ညှင်းကို နူးနေအောင် ခရမ်းချဉ်သီး ထည့်ချက်။ ဟင်းအိုးချခါနီး နံနံပင်နဲ့ ဂျင်းထောင်းထည့်၊ အို့အို ဆောင်းတွင်း ချမ်းစီးစီးလေးမှာ ဘာပြောကောင်းမလဲ ထမင်းစားကောင်းချက်ကတော့ :) မုန့်ညှင်း အဖြူမျိုး ထက် အစိမ်းမျိုး အခု ချက်ထားတာမျိုး ပိုကြိုက်တယ်။ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်တဖက်ကမ်းမှာ နှောင် သာလော ဆိုတဲ့ကျေးရွာရှိတယ်။ အဲ့ဒီက မုန့်ညှင်းဖူးတွေ မြစ်ကြီးနားဖက်ကို လာရောင်းကြတာ မုန့်ညှင်းရိုးက ကလေး လက်ကောက်ဝတ်လောက် နီးပါးရှိတယ်။ နုထွတ်နေတာပဲ။ အရှည်ကလည်း၂ ပေကျော်လောက်ရှိမယ်။ ချဉ်ရည်ဟင်း သောက်လို့ အရမ်းကောင်းပေါ့။ အိမ်မှာ ၆လောက်မုန့်ညှင်းဆိုတာ ရှိတယ်။ အရမ်းကြီးတာပဲ ၆လောက်အထိမှာ သုံး၊ လေးနှစ်အရွယ်ကလေးဆို မုန့်ညှင်းပင်ကြားမှာ ပျောက် နိုင်တယ်။ ကိုယ်ဆို ငယ်ငယ်က အဲ့ဒီ မုန့်ညှင်းခြံထဲမှာ သွားဆော့တယ် :) မုန့်ညှင်း အကြောင်း နောက်မှ ပြောမယ်။ ဒီလို ကမန်းကတန်း ဟင်းတွေချက်စားပါတယ် :) ဗိုက်အရမ်းဆာနေတဲ့ တနေ့ပေါ့၊ ဘာမှလည်း မချက်ချင်ဘူး။ ဒါပေမဲ့ ဗိုက်က အရမ်းဆာနေပြီဆိုတော့ ရေခဲသေတ္တာထဲကို ဖွင့်ကြည့်လိုက်တော့ မုန့်ညှင်း အရင်ဆုံးတွေ့တယ်။ ဒါနဲ့ မုန့်ညှင်း ကြော်စားလိုက်တယ်။





မုန့်ညှင်းကို လက်နဲ့ပဲချိုးတယ်။ ပြီးမှ ဇလုံခပ်ကြီးကြီးမှာ ရေအပြည့်ဖြည့်ပြီး ရေစိမ်ထားတယ်။ သဲတွေ အနယ်ထိုင်သွားတာပေါ့။ ပြီးရင် ၃/၄ခါဆေးပြီး ရေစစ်ထားလိုက်တယ်။ ကြော်မဲ့အိုးထဲ ဆီနဲနဲထည့်၊ ကြက်သွန်နီနဲ့ဖြူပဲပုပ်ကို (ညှပ်ပြီး) ဆီသတ်ပြီး ခရမ်းချဉ်သီးတလုံး ပါးပါးလှီးထည့်၊ မုန့်ညှင်းထည့်၊ ဆားနဲ့အ ချိုမှုန့်ထည့်၊ အဖုံးခဏအုပ်ထား၊ ဂျင်းထောင်းနဲ့ နံနံပင်အုပ်ပြီး စားလို့ရပါပြီ။ ရေနဲနဲပါ ထည့်လိုက်တယ်။ ထ မင်းနဲ့ နယ်စားလို့ရအောင်ပါ။










ငါးသေတ္တာသုပ်မယ်ဆိုလို့ ဗူးဖောက်လိုက်တာ၊ အထဲကငါးကဖြူဖြူကြီး၊ ခရမ်းချဉ်သီး အနှစ်မပါဘူး :( ဒါနဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်စိမ်း အားလုံးကို ပါးပါးလှီးပြီးထည့်၊ သံပုရာသီး တခြမ်းညစ်၊ ငံပြာရည်၊ အ ချိုမှုန့်၊ ဗမာပြည် ငရုတ်ဆီနဲ့ ခရမ်းချဉ်သီးစောစ့် နဲနဲထည့်ပြီး သုပ်ပေးလိုက်တယ်။










ကြက်သား အတုံးလေးတွေ တုံးထားပြီးသား ရှိနေတာနဲ့၊ ခရုဆီ ပဲငံပြာရည်အကြည်၊အနှောက် ငရုတ် ကောင်းမှုန့်နယ်ပြီး၊ ကြက်သွန်နီ၊ဖြူ၊ ဂျင်းကို ပါးပါးလှီး ဆီသတ်၊ ကြက်သားထည့်ကြော်တယ်။ ကြက်သား ထဲကအရည်တွေ ထွက်လာပြီး ခမ်းသွားမှ ရေဆူနဲနဲထည့်၊ ရေခမ်းပြီး ကြက်သားထဲက ဆီတွေထွက်လာရင်၊ ကြက်သွန်မိတ်ထည့် ရပါပြီ။ ကြက်သား အချိုကြော်လေး။






သာကူကျောက်ကျော ကျန်နေလို့ နို့နဲ့အုန်းနို့(ပါရုံထည့်) သကြားထည့်ပြီး ကျိုလိုက်တယ်။ အအေးခံပြီး ကျောက်ကျော ထည့်စားတာပေါ့ :)



ခင်မင်စွာဖြင့်
Baby taster



Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP