မှိုကြော် နဲ့ ကြက်သားကချင်ချက်
Sunday, October 10, 2010
မနေ့က မှိုကြော်စား ဖြစ်တယ် ။ မှိုက နှစ်ယောက်စလုံး ကြိုက်ကြတော့ စဉ်းစား နေစရာ မလိုဘူးပေါ့ မှို ကြော်ဖို့ကတော့ ဆီပူထဲ ကြက်သွန်ဖြူ နဲ့ ငရုပ်သီးစိမ်း ဆီသတ်ပါတယ် ။ ခရမ်းချဉ်သီး ပါးပါးလှီး ပြီးထည့် ပါတယ် ။ နီဝါရောင်သန်း လာရင်မှိုထည့် ခရုဆီ နဲ့ ငံပြာရည်ထည့်ပြီး ကြော်ပါတယ် ။ ကျက်ရင် ပင်စိမ်းလေး အုပ်ပြီး ချစားလို့ရပါပြီ ။
ဒါကတော့ ကြက်သား ကချင်ချက်လေးပါ ။ ကြက်အမာ ဆိုတော့ စားလို့ ကောင်းတယ် ။ကြက်သားကိုအရွယ်တော် အတုံးလေးတွေ တုံးပါတယ် ။ ကြက်သားထဲ ဆီပါရုံထည့်၊ ကြက်သွန်နီ ၊ဖြူ ၊ ငရုတ်သီး ၊ထောင်းထည့် ၊ ဆားအချိုမှုန့် ၊ ဖက်ဖယ်ရွက် ၊ ပင်စိမ်း ၊ ရှမ်းနံနံ ၊ ငရုတ်ကောင်းနည်းနည်း ထည့်ပြီးလုံး ချက်ပါတယ် ။ တချို့ ကတော့ မျှစ်ချဉ် ၊ မှည့်လိမ်ချဉ် ထည့်ကြပေမဲ့ ကျမတော့ ချဉ်ပေါင် အနည်းငယ် ထည့်ပြီး ချက်ထားတာပါ ။ အသားနူးတဲ့ အထိ ချက်ပြီ ချခါနီး ပင်စိမ်းထပ်အုပ်ပြီး ချစားလို့ ရပါပြီ ။ မိုးရွာနေတဲ့ အချိန်မျိုးမှာ မျှစ်ချဉ် ထောင်းလေးနဲ့ တွဲဖက်စားရင် အရမ်းကောင်းပေါ့ ။
ခင်မင်စွာဖြင့်
Baby taster