ငါးဆုပ်ဆီပြန်နဲ့ ပဲလိပ်ပြာနှပ်
Tuesday, December 14, 2010
ငါးဖယ်ခြစ်ရလာလို့ ဆီပြန် ချက်လိုက်တယ်။ ငါးဖယ်ကို စပါလင် အနုတချောင်း နုပ်နုပ်စဉ်း၊ ကြက်သွန် ဖြူ၊ ဂျင်း လက်တဆစ်ဝက်လောက်ကို ညက်နေအောင်ထောင်း၊ ကြက်သားမှုန့် နဲနဲထည့်ပြီးငါးဖယ်ထည့် ထောင်း၊ ကြက်ဥတလုံးဖောက်ထည့်၊ ရောနယ်ပြီး ခဏနှပ်ထားလိုက်တယ်။ ဆီအိုးတည် ဆီပူလာရင် ငါးဖယ်ထောင်း တွေကို ကြိုက်တဲ့အရွယ်အစား ထည့်ကြော်။ ကျမကတော့ တခါထဲ ၀က်အူချောင်း ခပ်ကြီးကြီး အရွယ်ထည့် ကြော်ပါတယ်။ ပြီးမှ နှစ်ခြမ်းခြမ်းလိုက်ပြီး အတုံးလေးတွေ ပိုင်းချက်ပါတယ်။
ဆီအိုးတည် ဆီပူလာရင် ကြက်သွန်နီ/ ဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက်ကို ညက်နေအောင်ထောင်းပြီး ဆီ သတ်ပါတယ်၊။ နနွင်းမှုန့် နဲနဲထည့် ခရမ်းချဉ်သီးနုပ်နုပ်စဉ်းထည့်၊ ငံပြာရည်နဲ့ ကြက်သားမှုန့်ထည့်ပြီး ဆီပြန်လာတဲ့ထိ အဖုံးအုပ်ပြီး တည်ပါတယ်။ ခရမ်းချဉ်သီး ကြေလောက်မှ ငါးဖယ်ကြော်ကိုထည့် ရေဆူနဲနဲထည့်၊ ရေခမ်းပြီး ဆီပြန်လာရင် ငရုတ်သီးစိမ်း။ နံနံပင်အုပ် ရပြီပေါ့။
ပဲလိပ်ပြာအစိမ်းကို နှပ်ပါတယ်။ ဆီအိုတည် ကြက်သွန်နီ ပါးပါးလှီးထည့်၊ ကြက်သွန်နီဝါရောင်လေး ဖြစ် လာရင် ပဲလိပ်ပြာထည့်၊ ရေဆူနဲနဲနဲ့ ကြက်သားမှုန့် အနည်းငယ်ထည့်ပြီးနှပ်တယ်။ ရေခမ်းပြီး ပဲမနှပ်သေး ရင် ရေဆူ ထပ်ထည့်ပြီးနှပ်။ ပဲရပြီဆိုရင် ပုဇွန်ခြောက် ဗလာချောင် တဇွန်းထည့်ပြီး မွှေလိုက်တယ်။
ခင်မင်စွာဖြင့်
Baby taster