Lorem Ipsum

ငါးခူ ငရုတ်ကောင်း မုန့်ဟင်းခါး

 Monday, January 24, 2011

တနင်္ဂနွေတော့ မုန့်ဟင်းခါးချက်စားဖြစ်တယ်။ အီကြာကွေးပူပူလေးတွေ ရလာတာနဲ့ ချက်စားချင်စိတ် ပေါက်လာတယ်။ ငါးခူငရုတ်ကောင်း မုန့်ဟင်းခါးပါ။ ပူပူစပ်စပ်လေးနဲ့ သောက်လို့တော့ တော်တော် ကောင်း ပါတယ်။ မုန့်ဟင်းခါးဆို အဖတ်နဲနဲ အရည်များများကြိုက်တယ်။ ဒီမှာ တချို့တွေက အဖတ်တွေများလိုက် တာ ထမင်းပန်ကန်အပြည့်လိုပဲထည့်ပြီး အရည်ကျတော့ နဲနဲလေး၊ ပြီးတော့ အရည်ကလည်း ပဲမှုန့်မထည့် ကျဘူး။ ဒါမျိုးကျတော့ ကိုယ်က မစားတတ်ပြန်ဘူး။ ကိုယ်ကတော့ မုန့်ဟင်းခါးမှာ ဆန်လှော်မှုန့်ထည့်သလို၊ တခါတလေ ရွှေချီမှုန့်လှော်ပြီး ထည့်တယ်။ အင်းလေ ဒေသအလိုက် အစားအစာတွေလည်း ကွဲပြားကြ တာပဲလေနော်။ ကချင်မှာဆို မုန့်ဟင်းခါးကို မုန့်ညှင်းချဉ်နဲ့ တွဲစားကြတယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာ သံပုရာသီးနဲ့တဲ့။ တချို့ကျပြန်တော့ ဇီးဖြူသီးနဲ့တဲ့။ တချို့ကျတော့ ငါးသလောက်နဲ့ ဟင်းရည်ချက်ကြသတဲ့။ တခါမှတော့ မစားဖူးပါဘူး။ မုန့်ဟင်းခါး ချက်တော့မယ်ကွယ် :)

ငါးခူ ၁ကီလို (အရေခွံဆုပ်ပြီးသား)
ပဲမှုန့်
ဆန်လှော်မှုန့်
ကြက်သွန်နီ၊ဖြူ၊ဂျင်း (ထောင်းပြီး)
စပါးလင် ၃ချောင်း
ငံပြာရည်
အချိုမှုန့်
ဆနွင်းနဲ့ အရောင်တင်
မုန့်တီဖတ်
ငှက်ပျောအူ (ရှိမယ်ဆိုရင်ပေါ့)
ကြက်သွန်အသေး (အလုံးလိုက်)
သံပုရာသီး
နံနံပင်
ငရုတ်ကောင်းလှော်မှုန့်
ငရုတ်သီးစိမ် (မိုးမျှော်သီး)
ဘဲဥ၊ ငါဆုပ်၊ ပဲကပ်ကြော်စတာတွေက ရနိုင်မှပါ။

မုန့်ဖတ်ပြုပ်ထား။
နံနံပင်နဲ့သံပုရာသီး လှီးထား။
ဘဲဥပြုပ်ပြီး စိတ်ထား။
ငရုတ်သီးလှော်ပြီး ထောင်းထား။
ငါးဆုပ် ပါးပါးလှီးထား (ကြိုက်တတ်မှပါ)
ပဲကပ်ကြော်ထား
အီကြာကွေးညှပ်ထား။
ကြက်သွန်ဖြူ ဆီချက်ချက်ထား။

အိုတလုံးထဲမှာ ငါးခူ၊ စပါလင်တချောင်းထုထည့်၊ ဆနွင်းမှုန့်နဲနဲနဲ့ ငံပြာရည်ထည့်၊ ရေနဲနဲထည့်ပြီးပြုတ်၊ အအေးခံ၊ အသားနွင်ထား။ ကျန်တဲ့ အရိုးနဲ့ ခေါင်းကိုထုပြီး ရေနဲ့ဆက်ပြုတ်ထား။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းနဲ့ စပါလင်းတချောင်းကို ညှက်နေအောင်ထောင်းပြီး ဆီသတ်ပါ့မယ်။ ကြက်သွန်တွေ နီဝါရောင်လေးရလာရင် ဆနွင်းနဲ့ အရောင်တင်နဲနဲထည့်ပြီး နွင်ထားတဲ့ ငါးတွေထည့်ပြီး ဆီပြန်လာရင်မီးပိတ်ထား။

ငါးဆီသတ်တုန်းမှာ တဖက်မှာရေနွေးအိုးတည်၊ စပါလင် တချောင်းထုထည့်၊ ငါးရိုးပြုတ်ရည်တွေစစ်ပြီးထည့်၊ ရေဆူလာရင်၊ ပဲမှုန့်ဖျော်ထည့်ပြီး အဆက်မပြတ်မွှေပေး။ ဆီသတ်ထားတဲ့ငါးထည့်၊ ဆန်လှော်မှုန့်ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့် နာရီဝက်လောက်ဆူနေပါစေ။  ကြက်သွန် အသေးလေးတွေထည့်၊ ငှက်ပျောအူး ရှိရင်ထည့်( ကြိုတင် လှီးထားပြီး ဆနွင်းနဲ့ စိမ်ထားပါ) ငရုတ်ကောင်းအစေ့ကို လှော်ပြီးထောင်း ငရုတ်သီးမိုး မျှော်သီးကိုမီးကင် ငရုတ်ကောင်းနဲ့ ရောထောင်းပြီး ဟင်းရည်အိုးထဲထည့်၊ ကိုယ်လိုချင်တဲ့ဟင်းရည် အနေအထားရရင် မီးငွေ့ငွေ့လေးပဲထားပေါ့။

 

စားကြအုံးမလား  :)


ဓါတ်ပုံတွေက အလင်းရောင် ပြောက်ကျားဖြစ်နေတာရော မီးက ၀ါနေတာရောဆိုတော့ :D



မုန့်ဖတ်


ဟင်းရည်



ဘဲဥပြုတ်၊ ငါးဆုပ်၊ ပဲကပ်ကြော်၊ အီကြာကွေးနဲ့ ငရုတ်သီး (အမှန်ဆို ငရုတ်သီးမှုန့်တောင် မလိုဘူး)




သံပုရာသီးနဲ့ နံနံပင်



ကျေးဇူးရှင်ပန်ကန်


ကြက်သွန်ဖြူ ဆီကျက်မလုပ်မိလို့:) ကြက်သွန်နီကြော် ထည့်စားတယ်:)




ငရုတ်သီးနဲ့ သံပုရာသီးမပါတဲံ ကိုယ့်ပန်ကန်




ပဲကပ်ကြော် အိမ်မှာကြော်ပါတယ်။  ကုလာပဲးခြမ်း လက်နှစ်ဆုပ်လောက်ကို ရေ ၃နာရီလောက်စိမ်ထား။ ဆော်ဒါမှုန့် (လဖက်ရည်ဇွန်း) ထည့်စိမ်။

တန်ပူရာမှုန့် တခွက်၊ ဆန်မှုန့် ခွက်တ၀က်ရောပြီး ရေနဲ့ဖျော်။ ဆားနဲနဲထည့်။ မုန့်နှစ်ရည်ကို မပြစ်မကျဲဖြစ် ရမည်။ စိမ်ထားတဲ့ပဲနဲ့ရောထား။

ဆီအိုတည် ဆီပူလာရင် မီးနဲနဲလျှော့လိုက်ပါ (မီးများရင် မုန့်နှစ်တူးပြီး ပဲကမကျက်ပဲ နေလိမ့်မယ်) ဆီပူထဲကို မုန့်နှစ်နဲ့ပဲ တဇွန်းခပ်ထည့်ပါ။ ပဲကြော်က အလည်မှာပဲ ထူပြီးလုံးနေရင် မုန့်နှစ်ပျစ်လို့ပါ။ ပဲကြော် ပြန့်ကြေသွားရင် ရေများလို့ပါ။ အနေတော်ဆိုရင်တော့ ပြန့်ပြန့်လေးပဲ ဖြစ်နေမှာပါ။ ပဲကြော်နီဝါရောင် ဖြစ်လာရင် ဆယ်ပြီးဆီစစ်ထားပေါ့။ အေးရင်လုံတဲ့ဗူး တဗူးထဲထည့်ပြီး၊ တပတ်ထိ စားပါတယ်။ ကြာရင်တော့ ဆီဂျီးစော်နံတတ်လို့ပါ။

နောက်တနည်းက မြန်မာပြည်မှာ ကြော်နည်းပါ။
ဆန်မှုန့် ၃ဆ၊ ကောက်ညှင်းမှုန့် ၁ဆကို ဆား၊ ဆော်ဒါမှုန့်(ခန့်မှန်း)၊ ရွှေချီမှုန့် ၂ဇွန်း(ထမင်းစားဇွန်း) ကိုရေနဲ့ ဖျော်။ မုန့်နှစ် မပြစ်မကျဲရရင်၊ စိမ်ထားတဲ့ပဲနဲ့ရောပြီး အပေါ်ကနည်းအတိုင်း ကြော်ပါ။



ခင်မင်စွာဖြင့်
Baby taster







Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP