Lorem Ipsum

ငါးရံ့အူဟင်းနဲ့ ဟင်းမျိုးစုံ

 Thursday, April 28, 2011





 ငါးရံ့တွေ ချက်စားခဲ့တုန်းက စုထားတဲ့ ငါးရံ့အူတွေပါ။ အကောင်အရမ်းမကြီးတော့ အူကလည်း သိတ်မကြီးဘူးပေါ့။ အခါးတွေဖယ်ပြီး အူတွေကို နဲနဲဖြတ်လိုက်တယ်။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက်တွေကို အညှက်ထောင်းပြီ ဆီသတ် အရောင်တင်နဲ့ ဆနွင်းမှုန့်နဲနဲထည့်၊၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး အနှစ်ကြေတဲ့အထိ ကြော်လိုက်တယ်။ နောက်ဆုံးမှ ငါးရံ့အူတွေထည့်။ ဟင်းအိုးရခါနီးမှ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ မညှက်တညှက်လေးထုပြီး အုပ်လိုက်တယ်။



ပဲဇီးကွက်နဲ့ အာလူးသုပ်ထားတာပါ။ ပဲးကို ရေကြိုမစိမ်ထားမိတော့ တော်တော်လေးပြုပ်လိုက်ရတယ်။ နူးနေအောင်တော့ မပြုပ်ဘူး။ သုပ်ရင် ခပ်ဆတ်ဆတ်လေးကြိုက်လို့။ အာလူးကိုရော မာမာလေးပြုပ်တယ်။ ၂မျိုးလုံးကို ဇလုံတလုံးထဲထည့်၊ ကြက်သွန်ဖြူ ဆီကျက်များများ၊ ပဲမှုန့်၊ ငံပြာရည် အချိုမှုန့်၊ သံပုရာသီးညှစ်ပြီး ချဉ်ငံစပ်လေးသုပ်ထားတယ်။





မုံညှင်းချဉ်နဲ့ အမဲသားကြော်ထားတာပါ။ မြန်မာပြည်က ပို့ထားတဲ့ မုံညှင်းချဉ်နဲ့ ကြက်သွန်ချဉ် လက် ကျန်ရှင်းလိုက်တယ်။ အသစ်ထပ်ရောက်လာတော့မှာဆိုတော့ အဟောင်း တွေရှင်း ပြစ်တာ။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်စိမ်းတို့ကို နုပ်နုပ်စဉ်းပြီး ဆီသတ် အမဲသားအကြေထည့်ကြော်၊ ငံပြာရည်ထည့်၊ မုံညှင်းချဉ်နုပ်နုပ်စဉ်းထည့်၊ ချခါနီးမှ ကြက်သွန်နဲ့ နံနံပင် ပါးပါးလှီးထည့်တယ်။



ပိန်းဥဟင်းရည်ပါ။ ပိန်းဥကို အခွံနွါရေဆေးထား။ ရေဆူရင် ပုဇွန်စိမ်း နုပ်နုပ်စဉ်းထည့်၊ ငပိနဲ့အချိုမှုန့် နဲနဲထည့်ပြီး ဆူအောင်တည်ထား၊ ဟင်းရည်အိုး ဆူရင် ပိန်းဥထည့်၊ ပိန်းဥနူးမှ ဆီထမင်းစားဇွန်းတဇွန်းထည့်၊ ထမင်းစားခါနီးမှ ငရုတ်ကောင်းလှော်မှုန့်၊ ကြက်သွန်ဖြူထောင်း၊ ပင်စိမ်းရွက်တို့ထည့်ပြီး စားလို့ရပါပြီ။





ဒါကတော့ ဆူခီနီနဲ့ ပဲပင်ပေါက်အစိမ်းကြော်ပါ။ တခါမှ ဆူခီနီကို အစိမ်းကြော်စားရမှန်း မသိခဲ့ဘူး။ စူးနွယ် ကြော်စားမှ ကြော်စားလည်းရတာပဲလို့ မြန်မာပီပီ ကော်ပီလိုက်တယ် :)



ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP