Lorem Ipsum

ငါးမိဆိုပဲးငါးပိပေါင်း၊ ခရမ်းကျွတ်သီး ငါးပိရည်ကျိုနှပ်၊ မြင်းခွါရွက်သုပ်၊ ဗူးသီးဟင်းချို

 Saturday, June 04, 2011

ကိုယ့်ဟင်းနာမည်တွေ ဖတ်ပြီး ရှူပ်ကုန်မှာပဲ နာမည်မတပ်တော့လို့ ပေးလိုက်တာပါ။ ကိုယ်တော့ သဘောကျတယ်အေ ဘာပြောပြော :D :P



ချဉ်ငံစပ် မြင်းခွါရွက်သုပ်

မြင်းခွါရွက်သုပ်။ အမှန်တော့ ရှောက်သီးသုပ်မလို့ပါ။ အဲ့ဒီနေ့က ရမယ်ပြောပြီး မရလာလို့ မြင်းခွါရွက်ပဲ သုပ်လိုက်တယ်။ အချဉ် ခပ်များများထည့်လိုက်တယ်။ ဟင်းနဲ့လိုက်အောင်ပေါ့။ ခါတိုင်း အသုပ်ထဲကို အကြော်ဇံနဲနဲ ထည့်လိုက်တာပေါ့။ ချဏ်ငံစပ်လေး သုပ်ထားတယ်။


ခရမ်းကျွတ်သီး ငါးပိရေကျိုနှပ် စပ်စပ်

ခရမ်းကျွတ်သီးတွေ့လို့ ၀ယ်လာတယ်။ ဘာလုပ်စားရမှန်း မသိပြန်ဘူးလေ။ တခါက သူငယ်ချင်းတယောက် ရခိုင်ခရမ်းသီးနှပ် ကျွေးဖူး သတိရတာနဲ့ လိုက်တာပါ။ စိမ်းစားငါးပိ မရှိလို့ ငါးပိရည်ကျိုနဲ့ ချက်လိုက်တယ်။ ရေလည်ကောင်း မယုံမရှိနဲ့။

ခရမ်းကျွတ်သီးတွေကို ထိပ်ဖြတ် လေးစိတ်စိတ်ပြီး ရေစိမ်ထား။ ကြက်သွန်နီ၊ ဖြူ၊ ငရုတ်စိမ်းကို တောက် တောက်စဉ်းပြီး ဆီသတ် ကြက်သွန်အရောင်လှလာရင် အရောင်တင်မှုန့်နဲနဲထည့် ရေကျိုငါး ပိကိုဖျော်ထည့်၊ အချိုမှုန့်နဲနဲထည့်၊ ငါးပိဆူလာရင် ခရမ်းကျွတ်သီးထည့် အဖုံးအုပ်ပြီး ရေခမ်းဆီပြန်လာ အောင် နှပ်ထားလိုက်တယ်။ ဒါလည်းကောင်းတာပဲ။ ကိုယ်ချက်တာတော့ ရခိုင်ချက် စစ်စစ်နဲ့တော့ မတူ လောက်ဖူး :D မချက်တတ်လို့လေ။



ရေကျိုငါးပိပါ။ ဒီပုလင်းက ငါးအကောင်တွေမပါဘူး ဖျော်လိုက်လည်း ဆူးတွေမပါဘူးဆိုတော့ လွယ်တယ် ငံပေမဲ့ စားကောင်းတယ်။ ငါးပိ ငံတာတော့ မဆန်းပါဘူးနော့။






ငါးမီဆပဲငါးပိုပေါင်းပေါ့နော် (၂မျိုးလုံးက ပဲပိစပ်တွေပါပဲလေ) ချိုချိုလေးပါ

ငါးကို (Milk Fish) အကြေးထိုး ဗိုက်ဖောက် သေချာရေဆေးပြီး အတုံးတုံးထားလိုက်တယ်။ ပြီးမှ ရှလကာ ရည် နဲနဲထည့်နယ်ပြီး နှပ်ထားလိုက်တယ်။ နောက်နေ့မှ ရှလကာရည်နယ်ထားတဲ့ ငါးကို ရေသေချာ ပြန်ဆေး ပါတယ်။ ရေဆေးပြီး ငါးကိုဆနွင်း၊ တရုတ်မဆလာမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥတလုံး ဖောက် ထည့်၊ ဂျူံမှုန့်နဲနဲထည့်ရောနယ်ပြီး ကြော်လိုက်ပါတယ်။ ဆားနဲ့အချိုမှုန့်မထည့်ပါဘူး။ ပဲငါးပိနဲ့ မီဆိုရောပြီး ပေါင်းမှာမို့လို့ပါ။

ဒယ်အိုးတည် ဆီ၂ဇွန်း(ထမင်းစားဇွန်း) ထည့် ဆီပူလာရင် ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ဓါးပြာရိုက်ထည့်၊ ကြက်သွန်အနံ့ မွှေးလာရင် ပဲးငါးပိ၃ဇွန်း(ထမင်းစားဇွန်း) မီဆို တဇွန်း(ထမင်းစားဇွန်း) တို့ကို ရေနွေးနဲ့ ဖျော်ပြီးထည့်(ရေဆူက ငါးမြုပ်အောင်ထည့်ပါ) ပဲးငါပိရည်ဆူလာရင်၊ ကြော်ထားတဲ့ ငါးတွေထည့်၊ အဖုံးပိတ်ပြီး မိနစ်၃၀( pressure cooker)နဲ့ ပေါင်းထားပါတယ်။ မိနစ်၃၀ရရင် မီးလျော့၊ ပူတယ်ဆိုရုံ မီးမျှင်မျှင်လေးနဲ့ ထပ်ပြီး ၃၀မိနစ်ပေါင်းပါတယ်။ ဒါဆိုရင်တော့ ဆီပြန်ပြီး အရိုးပါနူးသွားပါလိမ့်မယ်။ အရမ်း စားလို့ကောင်းတယ်။ (ဆားနဲ့အချိုမှုန့် လုံးဝမထည့်ပါဘူး ပဲငါးပိနဲ့ မိဆိုအနှစ်က ငံချိုလေးမို့ပါ)

ပေါင်းအိုးမရှိသူတွေလည်း မပူပါနဲ့ ငါးကိုရေမြုပ်အောင်ထည့်ပြီး မိနစ်၂၀ပေးပွက်လိုက်ပါ၊။ ပြီးမှ အဖုံးကိုလုံအောင် အလေးတခုခုနဲ့ဖိ မီးကို မျှင်မျှင်လေးထားပြီး မိနစ်၄၀လောက်ပေါင်းပါ အရိုးနူးသွား စေရမယ်။ ခဏ ခဏ ဖွင့်ပြီးမကြည့်ပါနဲ့။

     
ဒီလို ငါးမျိုးပါ။ Milk Fish လို့ရေးထားတာတော့ တွေ့တယ်။ ဒီငါးက ချိုလွန်းလို့ပါ။ ကိုယ်က ငါးတွေ အ ကြောင်းသိပ်မသိဘူး။ ငယ်ငယ်ကလည်း အိမ်မှာ မမကြီးနဲ့ ကြီးတော်ကပဲ ချက်ပြုတ်ကြတာ။ ပြီးတော့ မြစ်ကြီးနားမှာ မြစ်ငါးတဲ့၊ ချောင်းငါးတဲ့ ဒါမျိုးပဲ ပြောပြီးရောင်းတာပဲမြင်ဘူးတယ်။ တချို့တွေမေးတဲ့ ငါးအမျိုး စားတွေကို ပြန်တောင်မဖြေ ပေးနိုင်လို့ အရမ်းအားနာမိပါတယ် :D





                                                ငါးကြပ်တိုက်ခြောက်

 

တမျိုးမထင်နဲ့ ဒီအခန်းက မီးအလင်းရောင်ကောင်းလို့ လက်လေးနဲ့ကိုင်ပြီး လာရိုက်တာ :)

ငါးကြပ်တိုက်ခြောက်ဆိုတာပါ။ တခြားနယ်မှာတော့မသိဘူး ကချင်ပြည်နယ်မှာ ရတတ်ပါတယ်။ ပူတာအိုနဲ့ တနိုင်းမြို့မှာ ပိုပေါပါတယ်။ အငံလုံးဝမပါ ပါဘူး။ အနံ့လည်း တော်တော်မွှေးတယ်။


ဗူးသီး ဟင်းချိုပါ။ ငါးကြပ်တိုက်ခြောက်(အချိုခြောက်)ကို အသားတွေ ချက်စားဖို့ထားလိုက်တယ်။ ကျန်တဲ့ အရိုးတွေကို ရေဆူနဲ့ရောပြုပ်၊ ဗူးသီးစိတ်ထည့်၊ ထမင်းစားခါနီးမှ ကြက်သွန်ဖြူထောင်းထည့်၊ ငရုတ် ကောင်းမှုန့်နဲ့ ဆီနဲနဲထည့်တယ်။ ဆားကို ပါလေကာပဲထည့်ထားတယ်။ ဟင်းတွေမှာ အငံနဲ့ချက်ထားလို့။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP