Lorem Ipsum

ငြိမ်းချမ်းပါစေ ကချင်မြေ

 Wednesday, December 07, 2011


                                                 ပုံကို ဂူဂဲလ်က ယူထားတာပါ
 ခုတလော ကိုယ်တိုင် နေမကောင်းတာရော ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတာတွေကို စိုးရိမ်စိတ်နဲ့ရော ညည အိပ်မပျော်ဘူးး( ခုပဲ သတင်းကလည်း မြစ်ကြီးနားနဲ့ ၈မိုင်အလိုမှာတောင် ပစ်ခတ်နေကြပြီတဲ့၊ ကိုယ်လို အဝေးကလူတောင်မှ ဒီလောက် သောကရောက်နေရတာ အနီးကပ်လက်တွေ့ ကြုံတွေ့နေရတဲ့ သူတွေ ဘယ်လောက်များ သောကရောက်နေပြီး ကြောက်နေကြမလဲနော်။

ကိုယ်ချင်းစာပါတယ် ကိုယ်တို့ ငယ်ငယ်ကဆိုလည်း ဒီလိုပါပဲ ဟိုနားမှာ ဘယ်ရထားကို ပြစ်လိုက်ပြန်ပြီ ဒီနားမှာ ဗုံးကွဲပြန်ပြီ တချိန်လုံး ကြောက်စိတ်နဲ နေ့ညတွေကို ဖြတ်သန်းခဲ့ဖူးတယ်။ ၈၈၈၈ အရေးအခင်လည်း ဖြစ်ရော မာရှယ်လောကြောင့် အသက်တောင် ကျယ်ကျယ်မရှူရဲခဲ့ပြန်ဘူး။ ၈၈ ဖြစ်တော့ ကိုယ်က ၇တန်း ကျောင်းသူပေါ့။ ဒီလို ဒီလိုနဲ့ပဲ ဖိနှိပ်မှူတွေများလာတယ် မခံချင်စိတ်တွေကလည်း များလာတယ်။ အသက် တနှစ် ပိုကြီးလာလေ၊ အမှန်တရားဆိုတာကို  ပိုမြတ်နိုးလာတယ်။ လူဖြစ်ပြီး လူ့အခွင့်အရေးတွေကို ဆုံးရှူံးနေခဲ့တာကို ပိုပြီး နာကျင်လာခဲ့တယ်။

ဒီလိုနဲ့ပဲ ၉၆ဆိုတဲ့နှစ်မှာပဲ ကိုယ်တို့ မိသားစုတကွဲတပြားစီ ဖြစ်ခဲ့ကြပြန်တယ်။ ကျေးဇူးရှင်ကို ထောင်ထဲမှာ မမြင်ချင်တဲ့ ကိုယ်ကပဲ လွတ်လပ်နယ်မြေကို တိမ်းရှောင်စေခဲ့တယ်။ ကိုယ့်မှာတော့ တနှစ်မပြည့်သေးတဲ့ သမီးလေးကို ရင်ခွင်ပိုက်ပြီး၊ မေမေ့ရင်ခွင်ကို ပြန်ခဲ့တယ်။  ဖိနှိပ်မှုတွေက မပြီးဆုံးသွားခဲ့ဘူး။ လုပ်အားပေး အတင်းအဓမ ခိုင်းစေမှု၊ ဘာကြေး ညာကြေး ကြေးပေါင်းများစွာကို ပေးဆပ်ရင် မခံနိုင်တဲ့အဆုံး ငုံမခံတတ်တဲ့ကိုယ် ဆိုင်ရာ ဆိုင်ရာက လူတစုနဲ့ ပြသနာဖြစ်ခဲ့ရပြန်တယ်။ ၂၃နှစ်ဆိုတဲ့ အရွယ်က ဘာမဆို ဆတ်ဆတ်ထိ မခံတတ်တဲ့အရွယ်လည်းဖြစ်၊ မတရားမှုကို ခေါင်းငုံမခံတတ်တဲ့ စိတ်ဓါတ်ကြောင်ပဲ ကိုယ်လည်း ၃နှစ်အရွယ်သမီးလေးကို ဖွားအေနဲ့ထားပြီး ကျေးဇူးရှင် ရှိရာကို လိုက်လာခဲ့ရပြန်တယ်။

ကိုယ့်ရဲ့နေ့ညတွေဟာ သိပ်ကို ကြေကွဲစရာ ကောင်းနေခဲ့တယ်။ အနားမှာ သမီးလေးရှိနေခဲ့တော့ ခင်ပွန်းကအဝေးမှာ ခင်ပွန်းရှိပြန်တော့ သမီးလေးက အဝေးမှား( သမီးလေး ပညာသင်ချိန်မှာ ပညာ မသင်နိုင်မှာကို သိပ်စိုးရိမ်ကြတဲ့ ကိုယ်တို့ သမီးလေးကို ဖွားအေဆီမှာ နေရင် ပညာ သင်စေခဲ့တယ်။ ကိုယ်တို့နဲ့ ရှိနေခဲ့ရင် သမီးလေး ဒီလို လူတန်းစေ့ မနေနိုင် ကျောင်းမတက်နိုင်မှာ စိုးလို့ အဖွားနဲ့ထားခဲ့ ရတာပါ။ တချို့က အလိုက်မသိစွာပဲ ငါသာဆို ငါ့ကလေးကို ဘယ်လိုမှ ခွဲပြီး နေနိုင်မှာ မဟုတ်ဘူးတဲ့။

ကိုယ့်ရင်ကို ဓါးချွန်နဲ့ ထိုးဆွနေသလိုပါပဲ။ ဒီလို အဖြစ်မျိုးကို မကြုံဖူးသူတွေသာ ဒီလို စကားမျိုးကို ပြောနိုင်ကြတာပါ။  အမိမြေကိုလည်း မပြန်ရ သမီးလေးနဲ့လည်း နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရဖူး တယ်။ မိသားစုဝင်တွေ တယောက်ပြီးတယောက် လောကကြီးကို နှုတ်ဆက်ထွက်ခွါသွားချိန် အဝေးကနေ ရင်နာစွာ မျက်ရည်ကို အဖော်ပြုခဲ့ကြပြီး ဖြတ်သန်းလာတာ ဘာလိုလိုနဲ့ ဒီနေ့ဆို ၁၃နှစ် ပြည့်ခဲ့ပြီ။ သိတတ်စကနေ ခုချိန်ထိ ကချင်မြေက မငြိမ်းချမ်းတဲ့အပြင် ခုဆို ပိုတောင်ဆိုးလာပြီ။

ကိုယ်မွေးဖွား ကြီးပြင်းခဲ့ရာ ဇာတိမြေမှာ ဒီလို သောကတွေနဲ့ ပူလှောင်နေချိန်မှာ ဘယ်လိုမှ မပျော်နိုင်သလို ဘာလုပ်ရတာကိုမှ စိတ်မပါတော့ဘူး။ အိမ်မှာ ဖေဖေ့ရဲ့ အကြီးဆုံးအမက အသက်အရမ်းကြီးပြီ။ မျက်စိလည်း တဖက်မမြင်ရသလို ခြေတဖက်လည်း သိပ်မသန်ပြန်ဘူး။ တစုံတခုသာဖြစ်ရင် ကျန်တဲ့လူတွေကတော့ ကိုယ်လွတ်ရုန်းနိုင်ခဲ့ရင်တောင် သူ့ခမျာ ဘယ်လိုလုပ်မလဲ။ နောက်ပြီး မေမေ  မေမေကရော မျက်လုံးခွဲးထားတာ မကြာသေးသလို၊ မေမေ့အသက်ကလည်း ၆၄နှစ် အဒေါ့်ကို ကူတွဲနိုင်ပါ့မလား၊ အကို့ မှာကလည်း သားသမီးက နှစ်ယောက် သူ့မိသားစုနဲ့ သူတို့ ကွက်တိ၊ အမကရော၊ အမမိသားစုကလည်း အဝေးမှာ။ ကိုယ် ဆုတောင်းပေးနေယုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ ဒီလို ပြည်သူတွေ အိုးအိမ်စွန့်၊ အမိမြေကို စွန့်ပြီး မသွားရအောင်၊ တတ်နိုင်တဲ့ လူရှိပါတယ်။ သမတ္တကြီးကတော့ တတ်နိုင်ပါတယ်။ ဒီစာလေးကို ဖတ်မိသူတိုင်း ကိုယ်နဲ့ ထပ်တူ ဆုတောင်းပေးကြမယ်ဆိုတာ ယုံကြည် ပါတယ်။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ ကိုယ်မွေးဖွားကြီးပြင်းရာ ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းပါစေ။


p.s မေမေစု အင်တာပျူးတခုမှာ သမတ္တကြီး ဦးသိန်းစိန်က ရိုးသားသူတယောက်ပါ။ ရိုးသားမယ်ဆိုတာ ယုံကြည်ပါတယ်လို့ ဖတ်ရပါတယ်။ တကယ်လည်း တိုင်းသူပြည်သားတွေပေါ် ရိုးသားပြီး ကျေားသားရင်သား မခွဲပါစေနဲ့လို့ ဒီနေရာကနေ ဆုတောင်းနေပါတယ်။


အမတယောက်ရဲ့ ဘာမှမတင်ဘူးလား စိုလို့ တင်ဖြစ်သွားတာပါ။ တကယ်ဆို ကိုယ့်အပူတွေ သူများကို မပေးချင်တာတော့ အမှန်ပါပဲ။ အေ၇းအသား မကောင်းတာကို သီးခံပြီး ဖတ်ပေးခဲ့မယ်ဆိုရင်ပဲ ကျေးဇူးတင်လှပါပြီ။



ခင်မင်စွာဖြင့်
ဘေဘီ


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP