Lorem Ipsum

ငြိမ်းချမ်းပါစေ ကချင်မြေ

 Wednesday, December 07, 2011


                                                 ပုံကို ဂူဂဲလ်က ယူထားတာပါ
 ခုတလော ကိုယ်တိုင် နေမကောင်းတာရော ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတာတွေကို စိုးရိမ်စိတ်နဲ့ရော ညည အိပ်မပျော်ဘူးး( ခုပဲ သတင်းကလည်း မြစ်ကြီးနားနဲ့ ၈မိုင်အလိုမှာတောင် ပစ်ခတ်နေကြပြီတဲ့၊ ကိုယ်လို အဝေးကလူတောင်မှ ဒီလောက် သောကရောက်နေရတာ အနီးကပ်လက်တွေ့ ကြုံတွေ့နေရတဲ့ သူတွေ ဘယ်လောက်များ သောကရောက်နေပြီး ကြောက်နေကြမလဲနော်။

ကိုယ်ချင်းစာပါတယ် ကိုယ်တို့ ငယ်ငယ်ကဆိုလည်း ဒီလိုပါပဲ ဟိုနားမှာ ဘယ်ရထားကို ပြစ်လိုက်ပြန်ပြီ ဒီနားမှာ ဗုံးကွဲပြန်ပြီ တချိန်လုံး ကြောက်စိတ်နဲ နေ့ညတွေကို ဖြတ်သန်းခဲ့ဖူးတယ်။ ၈၈၈၈ အရေးအခင်လည်း ဖြစ်ရော မာရှယ်လောကြောင့် အသက်တောင် ကျယ်ကျယ်မရှူရဲခဲ့ပြန်ဘူး။ ၈၈ ဖြစ်တော့ ကိုယ်က ၇တန်း ကျောင်းသူပေါ့။ ဒီလို ဒီလိုနဲ့ပဲ ဖိနှိပ်မှူတွေများလာတယ် မခံချင်စိတ်တွေကလည်း များလာတယ်။ အသက် တနှစ် ပိုကြီးလာလေ၊ အမှန်တရားဆိုတာကို  ပိုမြတ်နိုးလာတယ်။ လူဖြစ်ပြီး လူ့အခွင့်အရေးတွေကို ဆုံးရှူံးနေခဲ့တာကို ပိုပြီး နာကျင်လာခဲ့တယ်။

ဒီလိုနဲ့ပဲ ၉၆ဆိုတဲ့နှစ်မှာပဲ ကိုယ်တို့ မိသားစုတကွဲတပြားစီ ဖြစ်ခဲ့ကြပြန်တယ်။ ကျေးဇူးရှင်ကို ထောင်ထဲမှာ မမြင်ချင်တဲ့ ကိုယ်ကပဲ လွတ်လပ်နယ်မြေကို တိမ်းရှောင်စေခဲ့တယ်။ ကိုယ့်မှာတော့ တနှစ်မပြည့်သေးတဲ့ သမီးလေးကို ရင်ခွင်ပိုက်ပြီး၊ မေမေ့ရင်ခွင်ကို ပြန်ခဲ့တယ်။  ဖိနှိပ်မှုတွေက မပြီးဆုံးသွားခဲ့ဘူး။ လုပ်အားပေး အတင်းအဓမ ခိုင်းစေမှု၊ ဘာကြေး ညာကြေး ကြေးပေါင်းများစွာကို ပေးဆပ်ရင် မခံနိုင်တဲ့အဆုံး ငုံမခံတတ်တဲ့ကိုယ် ဆိုင်ရာ ဆိုင်ရာက လူတစုနဲ့ ပြသနာဖြစ်ခဲ့ရပြန်တယ်။ ၂၃နှစ်ဆိုတဲ့ အရွယ်က ဘာမဆို ဆတ်ဆတ်ထိ မခံတတ်တဲ့အရွယ်လည်းဖြစ်၊ မတရားမှုကို ခေါင်းငုံမခံတတ်တဲ့ စိတ်ဓါတ်ကြောင်ပဲ ကိုယ်လည်း ၃နှစ်အရွယ်သမီးလေးကို ဖွားအေနဲ့ထားပြီး ကျေးဇူးရှင် ရှိရာကို လိုက်လာခဲ့ရပြန်တယ်။

ကိုယ့်ရဲ့နေ့ညတွေဟာ သိပ်ကို ကြေကွဲစရာ ကောင်းနေခဲ့တယ်။ အနားမှာ သမီးလေးရှိနေခဲ့တော့ ခင်ပွန်းကအဝေးမှာ ခင်ပွန်းရှိပြန်တော့ သမီးလေးက အဝေးမှား( သမီးလေး ပညာသင်ချိန်မှာ ပညာ မသင်နိုင်မှာကို သိပ်စိုးရိမ်ကြတဲ့ ကိုယ်တို့ သမီးလေးကို ဖွားအေဆီမှာ နေရင် ပညာ သင်စေခဲ့တယ်။ ကိုယ်တို့နဲ့ ရှိနေခဲ့ရင် သမီးလေး ဒီလို လူတန်းစေ့ မနေနိုင် ကျောင်းမတက်နိုင်မှာ စိုးလို့ အဖွားနဲ့ထားခဲ့ ရတာပါ။ တချို့က အလိုက်မသိစွာပဲ ငါသာဆို ငါ့ကလေးကို ဘယ်လိုမှ ခွဲပြီး နေနိုင်မှာ မဟုတ်ဘူးတဲ့။

ကိုယ့်ရင်ကို ဓါးချွန်နဲ့ ထိုးဆွနေသလိုပါပဲ။ ဒီလို အဖြစ်မျိုးကို မကြုံဖူးသူတွေသာ ဒီလို စကားမျိုးကို ပြောနိုင်ကြတာပါ။  အမိမြေကိုလည်း မပြန်ရ သမီးလေးနဲ့လည်း နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရဖူး တယ်။ မိသားစုဝင်တွေ တယောက်ပြီးတယောက် လောကကြီးကို နှုတ်ဆက်ထွက်ခွါသွားချိန် အဝေးကနေ ရင်နာစွာ မျက်ရည်ကို အဖော်ပြုခဲ့ကြပြီး ဖြတ်သန်းလာတာ ဘာလိုလိုနဲ့ ဒီနေ့ဆို ၁၃နှစ် ပြည့်ခဲ့ပြီ။ သိတတ်စကနေ ခုချိန်ထိ ကချင်မြေက မငြိမ်းချမ်းတဲ့အပြင် ခုဆို ပိုတောင်ဆိုးလာပြီ။

ကိုယ်မွေးဖွား ကြီးပြင်းခဲ့ရာ ဇာတိမြေမှာ ဒီလို သောကတွေနဲ့ ပူလှောင်နေချိန်မှာ ဘယ်လိုမှ မပျော်နိုင်သလို ဘာလုပ်ရတာကိုမှ စိတ်မပါတော့ဘူး။ အိမ်မှာ ဖေဖေ့ရဲ့ အကြီးဆုံးအမက အသက်အရမ်းကြီးပြီ။ မျက်စိလည်း တဖက်မမြင်ရသလို ခြေတဖက်လည်း သိပ်မသန်ပြန်ဘူး။ တစုံတခုသာဖြစ်ရင် ကျန်တဲ့လူတွေကတော့ ကိုယ်လွတ်ရုန်းနိုင်ခဲ့ရင်တောင် သူ့ခမျာ ဘယ်လိုလုပ်မလဲ။ နောက်ပြီး မေမေ  မေမေကရော မျက်လုံးခွဲးထားတာ မကြာသေးသလို၊ မေမေ့အသက်ကလည်း ၆၄နှစ် အဒေါ့်ကို ကူတွဲနိုင်ပါ့မလား၊ အကို့ မှာကလည်း သားသမီးက နှစ်ယောက် သူ့မိသားစုနဲ့ သူတို့ ကွက်တိ၊ အမကရော၊ အမမိသားစုကလည်း အဝေးမှာ။ ကိုယ် ဆုတောင်းပေးနေယုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ ဒီလို ပြည်သူတွေ အိုးအိမ်စွန့်၊ အမိမြေကို စွန့်ပြီး မသွားရအောင်၊ တတ်နိုင်တဲ့ လူရှိပါတယ်။ သမတ္တကြီးကတော့ တတ်နိုင်ပါတယ်။ ဒီစာလေးကို ဖတ်မိသူတိုင်း ကိုယ်နဲ့ ထပ်တူ ဆုတောင်းပေးကြမယ်ဆိုတာ ယုံကြည် ပါတယ်။

မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ ကိုယ်မွေးဖွားကြီးပြင်းရာ ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းပါစေ။


p.s မေမေစု အင်တာပျူးတခုမှာ သမတ္တကြီး ဦးသိန်းစိန်က ရိုးသားသူတယောက်ပါ။ ရိုးသားမယ်ဆိုတာ ယုံကြည်ပါတယ်လို့ ဖတ်ရပါတယ်။ တကယ်လည်း တိုင်းသူပြည်သားတွေပေါ် ရိုးသားပြီး ကျေားသားရင်သား မခွဲပါစေနဲ့လို့ ဒီနေရာကနေ ဆုတောင်းနေပါတယ်။


အမတယောက်ရဲ့ ဘာမှမတင်ဘူးလား စိုလို့ တင်ဖြစ်သွားတာပါ။ တကယ်ဆို ကိုယ့်အပူတွေ သူများကို မပေးချင်တာတော့ အမှန်ပါပဲ။ အေ၇းအသား မကောင်းတာကို သီးခံပြီး ဖတ်ပေးခဲ့မယ်ဆိုရင်ပဲ ကျေးဇူးတင်လှပါပြီ။



ခင်မင်စွာဖြင့်
ဘေဘီ


Read more...

စနေနေ့ကထမင်းဝိုင်း(၁၁)

 Saturday, December 03, 2011


ငါးနဲ့ ဓညှင်းသီး(ထိုင်းဓညှင်းသီး)ကြော်

ပထမဆုံး တီလားပီးယားငါး (အရိုးနဲ့ အရေခွံထုတ်ပြီးသား)ကို အတုံးသေးသေးတုံးပြီး၊ ဂျင်းရည်၊ ဆား၊ ကြက်သားမှုန့်နဲ့ ငရုပ်ကောင်းမှုန်တို့ထည့်ပြီး နယ်ထားပါတယ်။ ဆီပူပူမှာ နှပ်ထားတဲ့ငါးကို အာလူး အမှုန့်နဲ့ နယ်ပြီး ကြော်ပြီး ဆီစစ်ထားပါတယ်။

ဆီနဲနဲထဲမှာ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းထောင်းပြီး ဆီသတ်၊ ဓညှင်းသီး(ထိုင်း ဓညှင်းသီး)ကိုထည့်၊ ပဲငံပြာရည်၊ ငံပြာရည်၊ ခရုဆီနဲ့ သကြားနဲနဲထည့်ပြီး ရေဆူ နဲနဲလေးထည့်ပါတယ်။ ဓညှင်းသီး မကျက်  တကျက်လောက်ဖြစ်ရင် ကြော်ပြီး ဆီစစ်ထားတဲ့ ငါးကိုထည့် ၂မိနစ်လောက်ဆို ရပါပြီ။



ကိုက်လန်ရွက် အချိုသုပ်

ဘေဘီကိုက်လန် မဟုတ်ပါဘူး။ ဒီမှာတော့ ကိုက်လန်ကို အဖူးလေးနဲ့ မရောင်းပဲ အရွက်ဖားဖားကြီးတွေကို တရွက်ခြင်းစီ ချိုးထားပြီး ရောင်းပါတယ်။ အညွန့်တွေ ဘာတွေမပါဘူး။ ဒါပေမဲ့ အရမ်းနုပါတယ်။ တပေါင်ကို .၉၉ ပဲပေးရပါတယ်။

ကိုက်လန်အရွက် ဖားဖားကြီးတွေကို ပါးပါးလှီးပါတယ်။ ပြီးမှ ရေဆူထဲ ဖျောလိုက်တယ်။ ရေအေးစိမ်ထား လိုက်တုန်းမှာ ကြက်သွန်ဖြူ ဆီကျက်လေးလုပ်ပြီး ရေစိမ်ထားတဲ့ ကိုက်လန်ကို ရေညှစ်ပြီး ဆီကျက်၊ ပုဇွန်ခြောက်အမှုန့်၊ ငံပြာရည်၊ အချိုမှုန့် နှမ်းလှော်ထောင်း (နဲနဲပဲ ကျန်လို့) တို့နဲ့ ရောနယ်လိုက်ရင် ရပါပြီ။



ပုဇွန်ချဉ်သုပ်


ပုဇွန်ချဉ် သုပ်ထားပါတယ်။ ပဲမှုန့်က အမဲစက်လေးတွေပါနေတယ်း) အရင်ကလည်း ပုဇွန်ချဉ်သုပ် အ ကြောင်းရေးဖူးပါတယ်။ ဒီမှာနဲ့ ဒီမှာပါ



တိုဖူးနဲ့ ပုဇွန်ငါးဆုပ်လုံး ဟင်းချိုလုပ်ပါတယ်။


သခွါးသီးနဲ့ ငံပြာရည်

ငံပြာရည်ထဲမှာ သံပုရာသီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ နုပ်နုပ်စဉ်းပြီး ရောထည့်ထားတာပါ။




ခင်မင်စွာဖြင့်
Baby taster




Read more...

နံနက်စာများ(၈)

 Friday, December 02, 2011


ဖက်ထုပ် ပြုပ်စားတယ်။ အစာအိမ် ရောင်နေသလို ခံစားနေရတော့ မကြော်ဖြစ်တော့ဘူး။ ကိုယ်ကသာ ကြိုက်ပြီး ကျန်တဲ့လူတွေက မစားကြဘူးး(




                                   ၅ခုပဲ ပြုပ်တယ်း) ကိုယ်တယောက်ထဲ စားမှာ မို့လို့ပါး)


ငါးဖက်ထုပ်ပါ။ အရိုးထုတ်ထားတဲ့ တီလာပီးယား ငါးကို ကြိတ်စက်နဲ့ကြိတ်ပြီး၊ ကျူဆိုင်၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ ဆားနဲ့ အာတလွတ်မှုန့် တဇွန်းထည့်ပြီး နယ်ထားပါတယ်။



ရေမုန့် လုပ်ကျွေးလိုက်တယ်။ ပဲုပြုပ်က ပထမတရက် စားလိုက်တော့ နောက်နေ့မရှိတော့ဘူး။ ဒါကြောင့် ရှိတာတွေနဲ့ပဲ လုပ်ကျွေးလိုက်တယ်။ ပင်ပန်းခံပြီး လုပ်ပြီးကာမှ မေ့ပြီး ငရုပ်သီးထည့်မိလို့ ကိုယ်မစား လိုက်ရဘူးး( မြင်သာမြင်မကြင်လိုက်ရတဲ့ ဘ၀ :-/


ကြက်ဥကို ဖောက်ပြီး သီးသန့်မထည့်ဖြစ်ဘူး။ အိမ်မှာ ကြက်ဥက ၂လုံးပဲကျန်တာနဲ့ ဆန်မှုန့်မှာပဲ ရောလိုက်တယ်။


ဒါတွေထည့်ပါတယ်။ ဗီယာက်နာမ် အသားတု(နောက်များ ပုံတင်ပါ့မယ်) ပဲစိမ်းလုံး၊ ဂဏန်းသား၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်၊ ကြက်သွန်မိတ်နဲ့ ငရုပ်သီးစိမ်းတို့ ပါပါတယ်။



ပဲပြုပ်နဲ့ ထမင်းကြော်ပြီး ဆိတ်သားမွကြော်ပေါ့း)





ဆိတ်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ကရဝေး၊ သစ်ဂျပွေးခေါက်၊ ဂျင်းရည်တို့နဲ့ ရေခမ်းပြီး နူးအောင် ပြုပ်ပါတယ်။ အအေးခံ မွနေအောင်ထောင်း၊ ကြက်သွန်ဖြူကိုထုပြီး ဆီသတ်၊ ဆနွင်းနဲနဲထည့်ပြီး ထောင်း ထားတဲ့ ဆိတ်သားတွေထည့်၊ ကြွပ်ရွလာအောင် မီးမြေးမြေးလေးနဲ့ ကြော်ထားပါတယ်။




ခင်မင်စွာဖြင့်
Baby taster



Read more...

လက်သဲ ပုံဖော်ရအောင်(၁၃)

 Tuesday, November 29, 2011


ဘေစ့်ကုတ်ဆိုးပြီး အ၀ါရောင်ကို လက်သဲတ၀က်ကနေ တစောင်းဆိုးပါ့မယ်။ ခြောက်သွားရင်


ရွှေမှုံကို ကွက်ကြားလေး ဖွဖွလေး ရိုက်ပါတယ်။ ပြီးရင်တော့


အနက်ရောင်နဲ့ ဒီလိုလေး မျဉ်းကြားတွေဆွဲပြီး တောပ့်ကုတ် ဆိုးလိုက်ရင်ရပါပြီ


း) ပျင်းလို့ ဆက်မတင်ချင်တော့ဘူး)



ခင်မင်စွာဖြင့်
Baby taster

Read more...

စနေနေ့ကထမင်းဝိုင်း(၁၀)

 Sunday, November 27, 2011


                                                      ဘဲသားဇီးဖြူသီးဆီပြန်

ဘဲသားကို အရွယ်တော်တုံးရေဆေးပြီး၊ ဆနွင်းနဲ့ ငံပြာရည်နယ်ထားပါတယ်။ ဇီးဖြူသီးကိုပြုပ်၊ အဖန်ရည် တွေ သွန်ပြစ်ပြီး အစေ့ထုတ်ခြေထားပါတယ်။

ဆီအိုတည်၊ ကြက်သွန်နီ၊ဖြူ၊ ဂျင်းနဲ့ငရုပ်သီး အခြောက်တို့ကို ထောင်းပြီးဆီသတ်ပါတယ်။ ကြက်သွန်နီဝါ ရောင်သန်းလာရင်၊ ဆနွင်းနဲ့ အရောင်တင်ထည့်၊ ခရမ်းချဉ်သီး တလုံးပါးပါးလှီးထည့်ပါတယ်။ ခရမ်းချဉ်သီးကြေမှ ဘဲသားထည့်ပြီး အပေါ်ရေတင်းလာရင် ခြေထားတဲ့ ဇီးဖြူသီး၊ ငံပြာရည်၊ အချိုမှုန့် ရေဆူ ထည့်ပြီး ဆက်ချက်ပါတယ်။ ဘဲသားနူးပြီး ဆီပြန်လာရင် ရပါပြီ။

 

                                               ဘဲသားဇီးဖြူသီးဆီပြန်


ချဉ်ပေါင်ဟင်းချို

ဝယ်လာတဲ့ဇီးဖြူသီး( အိန္ဒိယ ဆိုင်ကပါ)

ငါးရံ့ အစပ်ကြော်

ငါးရံ့ အသားလွှာပြီး အတုံးသေးသေးတွေတုံးပါတယ်။ ဆီအိုတည်(များများထည့်ပါတယ်) ဆနွင်းထည့်ပြီး ငါးရံ့တွေကို ကြွပ်လာတဲ့အထိ ကြော်ပြီး ဆယ်ထားပါတယ်။ ဆီနဲနဲမှာ ကြက်သွန်ဖြူထောင်းထည့်ပြီး ဆီသတ်၊ ငံပြာရည်များများ၊ ငရုပ်ခြောက်ကြော်ထောင်း၊ အချိုမှုန့်တို့ကိုထည့်ပြီး ကြော်ပါတယ်။ ပြီးမှ ကြော်ထားတဲ့ ငါးတွေကိုထည့်ပြီး ဆက်ကြော်ပါတယ်။ ငံပြာရည်ခမ်းပြီး ဆီပြန်လာရင်ရပါပြီ။



ကဇွန်းရွက်ကြော်

ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို ဆီသတ်၊ ပဲပုတ်ထည့် ကဇွန်းရွက်ထည့်ပြီး ကြော်ထားတာပါ။

အာလူးမီဆိုကြော်း)

မီဆို တစခန်းထပါပြီရှင်း) မကုန်သေးလို့ပါး)

အာလူးတွေကို အခွနွါပါးပါးလှီးရေစိမ်ထား။ ဆီနဲနဲထည့်ပြီး ပူလာရင်ကြက်သွန်နီ၊ ဂျင်း၊ ခရမ်းချဉ်သီးကို ဆီသတ်၊ မိဆို ၂ဇွန်းထည့်၊ ပဲငံပြာရည်တဇွန်းထည့်၊ ငရုပ်မှုန့် နဲနဲ(ပါလေကာ)ထည့်ပြီး ရေစိမ်ထားတဲ့ အာလူးထည့်မွှေပြီး အဖုံးအုပ်ထား၊ အာလူးနူးလာရင်၊ နှမ်းဆီ၊ နံနံပင်နဲ့ ကြက်သွန်မိတ်ထည့်၊ ရပါပြီ အာလူးမိဆိုဟင်း။



ခင်မင်စွာဖြင့်
Baby taster



Read more...

လက်သဲ ပုံဖော်ရအောင်(၁၂)

 Saturday, November 26, 2011

ခုတလော ပို့စ်တွေ ဆက်တိုက်တင်ဖြစ်နေတယ်။ နေမကောင်းတာများတော့ ဘာမှမလုပ်ပဲ အချိန်တွေ ပိုနေတယ် ဒါကြောင့်ပါ။ ကိုယ့်ဘလောဂ့်မှာ တင်ထားသမျှ လက်သဲပုံဖော်နည်းတွေဟာ တချို့ တ၀က်က ကိုယ့်အိုင်ဒီယာပေမဲ့ တချို့ ကိုတော့ Youtube ကနေကြည့်ပြီး ဆိုးထားသလို၊ တချို့ကိုတော့ ဘလောဂ့်ဂါတွေဆီကပါ။ ကိုယ်အရင်ကလည်း ပြောဖူးပါတယ်။ ဘလောဂ့်ဂါတွေက ကိုယ့်ရဲ့ မြင်ဆရာတွေပါလို့း)



ဘေစ့်ကုတ်ဆိုးပြီး ခြောက်သွားရင်၊ အပြာရောင်ကို makeup spongeနဲ့ လက်သဲရဲ့ ၃ပုံ၂ပုံကနေဖွဖွလေး ဖိပေးပါ။ အဲ့လို ဆိုးတဲ့အခါမှာ လက်သဲထိပ်လေးကို လက်သဲအတို၊ အရှည်ပေါ်မူတည်ပြီး နဲနဲချန်ပေးပါ။



ဒီလိုလေးပေါ့း)



အဖြူရောင်နဲ့ နှင်းပွင့်လေး(သို့) ကြယ်လေးတွေ ဖော်ပေးပါ( လက်သဲရှည်ရင် များများဖော်လို့ရပါတယ်။ တိုရင်တော့ နဲနဲပေါ့) ပြီးရင် အဖြူရောင် အစက်လေးတွေ ချပေးပါ။ တောပ့်ကုတ်လေး ဆိုးလိုက်ရင် အရမ်းလှသွားလိမ့်မယ်။ (ကိုယ်တော့ ဒီပုံတွေမှာ မဆိုးထားပါဘူး။ ချွေတာတာပါး)



တကယ်လှတယ် ဆိုးကြည့်ကြပါ။ အရင်က ခြေသည်းမှာ ဆိုးဖူးပါတယ်။











ခင်မင်စွာဖြင့်
Baby taster

Read more...

ပင်လယ်စာ ကွေ့သယို

 Friday, November 25, 2011

ဒီနေ့ မနက်ကတည်းက ဘာမှကို မချက်တာ။ နေ့လည်ရောက်မှ ဗိုက်က ဆာကြပြီ။ ဒါနဲ့ ရေစိမ်ခေါက်ဆွဲ( ကွေ့သယိုဖတ်) ရှိနေတာနဲ့ ငါးဆုပ်ပြား၊ ငါးဆုပ်လုံး၊ ပုဇွန်ငါးဆုပ်လုံး၊ ပုဇွန်၊ တိုဖူးရောပြီး ကွေ့သယို လုပ် ကျွေးလိုက်တယ်။

ကိုယ့်ကတော့ ဘာအစီအစဉ်မှ  မရှိပဲ ထချက်စားကြတာဆိုတော့ အရိုးပြုပ်ရည်တော့မရှိဘူးပေါ့နော်။ ပထမဆုံး  ရေနွေးတည်၊ နံနံပင်အမြစ်၊ ဂျင်းနဲ့ ကြက်သွန်ဖြူ တို့ကို ထုပြီး ရေနွေးအိုးထဲထည့်၊ သကြားနဲ့ ငံပြာရ်ပါထည့်ပြီး ဆူအောင် တည်ထားလိုက်တယ်။ ပုဇွန်၊ တိုဖူးနဲ့ ငါးဆုပ်လုံးတွေကို ရေဆူထဲ ထည့်ပြုပ်ထားပါတယ်။

ကိုယ်က အမှန်ဆို ဘဲသားကွေ့သယိုကို အကြိုက်ဆုံးပါ။ မရှိတော့လည်း ဒါလေးနဲ့ပဲ ကျေနပ်ရတာပေါ့လေး)



ပင်လယ်စာ ကွေ့သယို


ပုဇွန်၊ တိုဖူး၊ ငါးဆုပ်၊ ပုဇွန်ငါးဆုပ်၊ တရုတ်နံနံတို့ပါ






ဒါက ကွေ့သယိုမှာ ထည့်စားဖို့ ငရုပ်သီး၊ မြေပဲဆံထောင်း၊ ဂေါ်ပီခြောက်၊(ငံငံလေးနဲ့လေ မုံလာခြောက်နဲ့ တူတယ်) ငံပြာရည်၊ ဗီနီကာနဲ့ ငရုပ်သီးစိမ်း စိမ်ထားတာတွေတော့ မလုပ်ဖြစ်ဘူး။ ဒီတိုင်း ထည့်စား လိုက်တယ်။



ခေါက်ဆွဲဖတ်(ကွေ့သယိုအဖတ်)

ခေါက်ဆွဲဖတ်ကို ပြုပ်ပြီး ကြက်သွန်ဖြူ ဆီကျက် တဇွန်းထည့်မွှေထားတာ ပြီးမှ ဟင်းရည်နဲ့ အဆာပလာ တွေထည့်ပါပေါ့



တွေ့လား ဒါတွေထည့်လိုက်တယ်။


ကြိုက်ပွဲး)


                                    ဒါကတော့ ကိုယ်စားနေတဲ့ ပန်ကန်ပါး)



ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP